ခရမ်းမြို့နယ်မှာ သတင်းပေးသူကြောင့် CDM ဆရာမနဲ့ရွာသား (၃)ဦး ဖမ်းဆီးခံရ

ခရမ်းမြို့နယ်မှာ သတင်းပေးသူကြောင့် CDMဆရာမနဲ့ရွာသား(၃)ဦး ဖမ်းဆီးခံရ

သြဂုတ် ၁၈-၂၀၂၁
KK(VOM)

ခရမ်းမြို့နယ်၊ ကျူတောကျေးရွာမှာ ဒီကနေ့မနက် ၁၀လောက်က သတင်းပေးသူကြောင့် CDMပြုလုပ်နေတဲ့ ကျောင်းဆရာမလင်မယားနဲ့ ရွာသား(၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကျေးရွာနေပြည်သူတွေကပြောပါတယ်။

ကျူတောကျေးရွာကို စစ်တပ်နဲ့ရဲတွေဟာ ဒီကနေ့မနက်မှာရောက်ရှိလာပြီး CDMပြုလုပ်နေတဲ့ ကျောင်းဆရာမလင်မယားကို ဖမ်းဆီးသွားပြီး ရွာသားနှစ်ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။

“ဆရာမလည်းဖမ်းတယ် သူ့ယောက်ကျားက နေမကောင်းဘူး ဒါကိုရိုက်နှက်ပြီးဖမ်းသွားတယ်၊ လေးယောက်အဖမ်းခံရတယ်၊ ဘယ်ကိုဖမ်းသွားလဲဆိုတာတော့ မသိသေးဘူး”လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အလယ်တန်းပြဆရာမဒေါ်ခင်မျိုးကြည်၊ ကိုထွန်းမင်းထက်၊ကိုနိူင်လင်းအောင်နဲ့ ကိုအောင်ကျော်တို့ဖြစ်တယ်လို့ ကျေးရွာနေပြည်သူတွေဆီက သိရပါတယ်။

ပညာရေးဝန်ကြီးဌာနက မေလ ၁၁ရက်နေ့မှာ တာဝန်က ယာယီရပ်ဆိုင်းခဲ့တဲ့ ခရမ်းမြို့နယ်က ပညာရေးဝန်ထမ်း ၅၁၉ဦးတွင် ကြူတောကျေးရွာ အလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမဒေါ်ခင်မျိုး​ကြည်လည်းပါဝင်ပါတယ်။

လက်တလောမှာ ဖမ်းဆီးခံရသူတွေကို မည့်သည့်နေရာမှာ ဖမ်းဆီးထားသည်ကိုမသိရသေးသလို မိသားစုဝင်တွေကလည်း စိုးရိမ်နေကြပါတယ်။

ခရမ်းမြို့နယ်မှာ သြဂုတ်လ ၅ရက်နေ့မှာ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းခိုင်၊သြဂုတ်လ ၇ ရက်နေ့မှာ အရပ်ဝတ်နဲ့သွားလာနေတဲ့ ဗိုလ်ကြီးမျိုးမင်းဦးနဲ့ ဇူလိုင်လ ၉ရက်နေ့မှာလည်း ဘုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းတို့ သေနတ်နဲ့အပစ်ခံရပြီူ သေဆုံးခဲ့ပါသေးတယ်။

Voiceofmyanmar Vom

Be the first to comment

Leave a Reply

Your email address will not be published.


*