ချင်း မင်းတပ် တိုက်ပွဲများပြင်းထန်နေ

ချင်း မင်းတပ် တိုက်ပွဲများပြင်းထန်နေ

တောင်ပိုင်းချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မင်းတပ်-မတူပီကြား ၁၆ မိုင်ဝန်းကျင်မှာ မင်းတပ်ကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ အကြား ဒီကနေ့မနက်မှာရော မနေ့ကပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု များတယ်လို့ မင်းတပ် CDF ဘက်ကပြောပါတယ်။ ဒီအကြောင်းဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ စုံစမ်းတင်ပြထားပါတယ်။

မင်းတပ်မြို့နယ်မှာ ဒီမနက်ပိုင်း မြန်မာစစ်တပ်နဲ့ မင်းတပ်ကာကွယ်ရေး CDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာယောမာန်ကပြောပါတယ်။

 “ဒီနေ့မနက်ကျတော့ (၁၆) မိုင်ကနေမှ ပန်းစခန်းဘက်ကို စကစဘက် ထိုးစစ်ဆင်လာတော့ ဒီနေ့မနက်တ ိုက်ပွဲပြန်ဖြစ်သေးတယ်။ အနောက်ဘက် စစ်မျက်နှာပေါ့။ နောက်ထပ်တိုက်ပွဲ ဒီနေ့ မနက် ထပ်ဖြစ်တာပေါ့။”

မနေ့က သြဂုတ်လ (၁၅) ရက်မှာလည်း မင်းတပ်-မတူပီအကြား ၁၄ မိုင်နဲ့ ၁၆ မိုင်ဘက်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွးခဲ့ပြီး စစ်ကောင်စီတပ် ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ ဒေါက်တာယောမာန်က ပြောပါတယ်။

 “မနေ့က တိုက်ပွဲက မင်းတပ်-မတူပီလမ်းကြားပေါ့။ အဲဒီ (၁၄) မိုင်နဲ့ (၁၆) မိုင်စခန်းကို သူတို့က လက်နက်ကြီးနဲ့လှန်းလှန်းထုပြီးမှ (၁၆) မိုင်စခန်းကို တက်လာတယ်။ မနက် (၁၀) နာရီလောက်တော့ သူတို့ အဲဒီလမ်းခွဲထိရောက်အောင် တက်လာတယ်။ (၁၄) မိုင်အနားမှာ ကျနော်တို့ CDF မင်းတပ်အဖွဲ့နဲ့ ထိတွေ့မှုတွေဖြစ်တယ်ပေါ့။ တိုက်ပွဲတွေဖြစ်တယ်။ စကစဘက်က ကျဆုံးမှုနည်းနည်း ရှိတယ်။ သူတို့ဘက်က အင်အားက (၁၅၀) လောက်ရှိတယ်။ ဆိုတော့အင်အားများတော့ CDF ဘက်က နည်းနည်းဆုတ်လာတယ်။ (၁၆) မိုင်မှာပဲ ကျနော်တို့နဲ့ ထိ တွေ့မှု ပြန်ဖြစ်ကြတယ်။ (၁၆) မိုင်မှာပဲ။ သူတို့ဘက်က ထိခိုက်တာ၊ ကျဆုံးတာရှိတယ်။ သေဆုံးတာက (၂၀) နီးပါးရှိနိုင်တာပေါ့။ ဒဏ်ရာရတဲ့ သူ တော်တော်များမယ်။ အယောက် (၂၀) လောက်ဒဏ်ရာရနိုင်တယ်။ CDF ဘက်က ထိခိုက်ကျဆုံးတာမရှိဘူး။ မနေ့က အခြေအနေပေါ့။”

မနေ့က မင်းတပ်တိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်မှုများနေတယ်လို့ မင်းတပ် CDF ဘက်ကပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ မင်းတပ်မြို့နယ်မြောက်ဘက် စစ်မျက်နှာမှာလည်း စစ်ကောင်စီတပ်ဘက်က တပ်ဖြန့်ထားတယ်လို့ ပြောပါတယ်။

“ဒီမြောက်ဘက်ပေါ့။ ယှက်တို့၊ မွီတွီတို့၊ ရှစ်မွှေးတို့ အဲဒီရွာနားမှာ စကစတပ်တွေရှိနေတာပေါ့။ အဲဒါ CDF နဲ့တော့ ထိတွေ့မှု မဖြစ်သေးဘူးပေါ့။”

စစ်ကောင်စီကနေ မင်းတပ်-မတူပီလမ်း ၁၄ မိုင်မှာ စစ်ကြောင်း တခု၊ မင်းတပ်မြို့မြောက်ဘက် ရှစ်မွှေးရွာနဲ့ မွီတွီ ရွာတွေမှာ စစ်ကြောင်းနှစ်ခု စုစုပေါင်း စစ်မျက်နှာ ၃ ခုဖွင့်ပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ မနေ့က ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာတော့ သြဂုတ်လ (၁၄) ရက်နေ့က မင်းတပ်မြို့နယ် မကွီအိမ် နူးမြို့ဘက်မှာ နယ်မြေလုံခြုံရေးလုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ CDF အဖွဲ့တို့ (၁၅) မိနစ်လောက် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က စစ်သည်တယောက် ဒဏ်ရာရရှိသွားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

မင်းတပ်မြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းရာကနေ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ချင်း CDF တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့တာပါ။ တိုက်ပွဲဖြစ်စဉ်အတွင်း မင်းတပ်မြို့ပေါ်နဲ့ ကျေးရွာက ရွာသားသောင်းချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်တချို့က နေရပ်ပြန်တာရှိပေမဲ့လည်း အများစုကနေရပ်မပြန်နိုင်ကြသေးသလို စားနပ်ရိက္ခာ ဆေးဝါးအကူညီ လိုအပ်ချက် အခက်ခဲတွေ ရှိနေပါတယ်။

VOA Burmese News

Be the first to comment

Leave a Reply

Your email address will not be published.


*