ဂန့်ဂေါ၊ နှမ်းခါးကျေးရွာတွင် စစ်ကောင်စီတပ်များ ဝင်စီးပြီး အသက် ၇၂ နှစ် အဖိုးအိုတစ်ဦးကို ရိုက်နှက်ကန်ကျောက်ကာ နေအိမ်များဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွား

ဂန့်ဂေါ၊ နှမ်းခါးကျေးရွာတွင် စစ်ကောင်စီတပ်များ ဝင်စီးပြီး အသက် ၇၂ နှစ် အဖိုးအိုတစ်ဦးကို ရိုက်နှက်ကန်ကျောက်ကာ နေအိမ်များဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွား

ရန်ကုန်၊ သြဂုတ် ၁၉

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင်းသို့ သြဂုတ်လ ၁၈ ရက် ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး နေအိမ်များ ဖျက်ဆီးမွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများ ခိုးယူသွားသလို အသက် ၇၂ နှစ်အရွယ် အဖိုးအိုတစ်ဦးအား ရိုက်နှက်ကန်ကြောက်သွားခဲ့သည်။

ယမန်နေ့ နေ့လယ်ပိုင်းက ကလေးမြို့သို့ ချီတက်သော စစ်ကောင်စီ စစ်ကား ၄၀ စီးပါ ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အနီးဝန်းကျင်ရှိ နှမ်းခါးကျေးရွာသို့ ဝင်ရောက်ကာ ယခုလို နေအိမ်များကို ဝင်ရောက်ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခဲ့ခြင်းဖြစ်သည်။

ဂန့်ဂေါ-ကလေး ကားလမ်းဘေးတွင် တည်ရှိသော နှမ်းခါးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီများဝင်ရောက်ပြီး ပစ္စည်းများ ခိုးယူခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ခန့် ပျက်စီးသွားပြီး ပျက်စီးဆုံးရှုံးမှုမှ များလွန်းသောကြောင့် တန်ဖိုး မခန့်မှန်းနိုင်သေးဘူးဟု ဒေသခံတစ်ဦးထံမှ သိရသည်။

” ရွာက ကားလမ်းဘေးတင်၊ အိမ် ၂၀ လောက် ဖျက်ဆီးခံရတယ်။ ကားလိုင်စင်၊ အုံနာဘုတ်တွေ၊ မှတ်ပုံတင်တွေက အစ ဖျက်ဆီးသွားကြတာ၊ တန်ဖိုးရှိတာတွေတော့ ယူသွားကြတယ်” ဟု နှမ်းခါးရွာသားတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဒေသခံကာကွယ်ရေးအင်အားစုမှ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ကား ၂ စီး ပျက်စီးခဲ့ပြီး တပ်သား ၃၀ ခန့် သေဆုံးနိုင်ကြောင်း သိရှိရကာ စစ်ကားစီးရေ ၃၀ ကျော်သည် ကလေးမြို့ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*