စစ်ကောင်စီ ခန့် ပြန်ကြားရေး၀န်ကြီး၏ အွန်လိုင်း အစည်းအဝေး တက်သူများ ဝေဖန်ခံရ

စစ်ကောင်စီခန့် ပြန်ကြားရေး၀န်ကြီး၏ အွန်လိုင်း အစည်းအဝေး တက်သူများ ဝေဖန်ခံရ

စစ်ကောင်စီက အသစ်ခန့်အပ်ထားသည့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ဂီတအနုပညာရှင်များအား ပြည်သူအများက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေကြသည်။

ဂီတအစည်းအရုံးမှ တေးရေးမြင့်မိုးအောင်နှင့် အဆိုတော်ဂျင်းနီ အပါအဝင် ဂီတအနုပညာရှင် ၁၃ဦး သည် သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် အွန်လိုင်းကတဆင့် ယင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ပြည်သူများနှင့် အနုပညာရှင်အသိုင်းအဝိုင်း၏ ဝေဖန်မှုများအပေါ် တေးရေး မြင့်မိုးအောင်က သြဂုတ် ၁၃ ရက်တွင် သူ၏လူမူကွန်ရက် စာမျက်နှာပေါ် ကတစ်ဆင့် ဖြေရှင်းရေးသားချက်ရေးတင်ခဲ့သည်။

“ဘာကိစ္စမှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါ၊ အစည်းအဝေးမှာလည်း အသင်းက မူပိုင်ခွင့်အသင်းပဲဖြစ်လို့ ၅၀၅ ကိစ္စ ၊ ကိုဗစ်ကိစ္စ ဘာမှာဆွေးနွေးတင်ပြစရာမရှိပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော့်အပေါ် မနှစ်သက်လို့ ဝေဖန်သူတွေပဲဖြစ်ဖြစ်၊ ခင်မင်လို့ စိုးရိမ်ကြတဲ့သူတွေပဲဖြစ်ဖြစ် သူတို့ခံစားချက်ကို နားလည်ပေးနိုင်ပါတယ် “ ဟု တေးရေး မြင့်မိုးအောင်က လူမူကွန်ရက်တွင် ပြန်လည်ရှင်းလင်းရေးသားထားခြင်းဖြစ်သည်။

အွန်လိုင်းတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတေးသီချင်းများ မူပိုင်ရှင်များအသင်း ဥက္ကဌ ဦးမြင့်မိုးအောင် ၊ အဆိုတော် ဟန်နွေငြိမ်း (ခ) ဂျင်းနီ ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးသက်ဆွေ ၊အတွင်းရေးမှူး ဦးမင်းဇော် ၊ ဘဏ္ဍာရေးမှူး ဒေါ်သီသီမာ ၊ မြန်မာ့ဂီတ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ စန္ဒရား ဦးသိန်းမြင့်သန်း ၊ အတွင်းရေးမှူး ဦးအောင်မင်းနိုင် ၊ ဘဏ္ဍရေးမှူး အကယ်ဒမီ ဦးကြည်မင်းသိန်း ၊ တေးရေး မောင်မောင်လတ် ၊ဦးမင်းယု ၊ အဆိုတော် ဒေါ်ထား ၊ ဦးသန်းမြတ်စိုးနှင့် တက္ကသိုလ် လဲ့လဲ့ တို့ တတ်ရောက်ခဲ့‌ကြောင်း သြဂုတ် ၁၄ ရက်က ထွက်ရှိခဲ့သည့် စစ်ကောင်စီ၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဂီတအနုပညာရှင်များ တွေ့ဆုံပြီး COVID-19 ရောဂါဖြင့် ရင်ဆိုင်နေကြရသည့် ပြည်သူများ စိတ်ချမ်းသာ ပျော်ရွှင်‌ရေး ပူးပေါင်းဆောင်ရွက်ရန် အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “ ၅၀၅ (က) အပါအဝင် အရေးယူခံထားရသည့် အနုပညာရှင်များ အနေဖြင့် ကြော်ငြာချက်ပါအတိုင်း ပြန်လည်ဆက်သွယ်လာပါက အနုပညာရှင်များအား တည်ဆဲဥပဒေများ နှင့်အညီ အပြည့်အဝ ကူညီဆောင်ရွက်ပေးပါမယ်” ဟု ၀ရမ်းထုတ်ခံထားရသူ အနုပညာရှင်တစ်ချို့အား ဖိတ်ခေါ်ပြောဆိုခဲ့သေးသည်။

ဓာတ်ပုံ – လူမှုကွန်ရက်စာမျက်နှာ
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*