စစ်ကောင်စီတပ်က ကုန်ကားကို မီးရှို့၍ ယာဉ်မောင်းကိုဖမ်းဆီးထားဟု လွတ်မြောက်လာသူများကပြေ

စစ်ကောင်စီတပ်က ကုန်ကားကို မီးရှို့၍ ယာဉ်မောင်းကိုဖမ်းဆီးထားဟု လွတ်မြောက်လာသူများကပြော

မဇ္ဈိမ/ ဇူလိုင် ၂၂ ရက်

ဖူးအိအိနွယ်

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းဒေသကြီး ယာကြီးမြို့အလွန်တွင် ကုန်ကားတစ်စီးကို မီးရှို့၍ ယာဉ်မောင်းကိုဖမ်းဆီးထားမှု ဇူလိုင်လ ၂၀ ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ထွက်ပြေးလွတ်မြောက်လာသူများအပြောအရ သိရသည်။

မန္တလေးမြို့မှ အချိုရည်၊ စားသုံးဆီ၊ ဆပ်ပြာရည်နှင့် အင်ဂျင်ဝိုင်များတင်ဆောင်လာသည့် ခြောက်ဘီးကားသည် မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်းမောင်းနှင်လာရာ ည ၇ နာရီဝန်းကျင်တွင် ယာကြီးမြို့အလွန် တောင်လပို့ရွာမရောက်ခင်စပ်ကြား စစ်ယူနီဖောင်းဝတ်များနှင့် အရပ်ဝတ်များက တားဆီးပြီး ငွေတောင်းခဲ့ကြသည်။ ၎င်းတို့တောင်းသည့် ငွေကျပ် သုံးသိန်းကိုမပေး၍ကားကို မီးရှို့ဖျက်စီးပြီး ယာဉ်မောင်းကို ဖမ်းခေါ်သွားသည်ဟု ဆိုသည်။

“ဆိုင်ကယ် သုံးစီး၊ အရပ်ဝတ်တစ်ယောက်၊ စစ်ယူနီဖောင်းဝတ်ထားတာ ငါးယောက်၊ အဲ့ထဲက နှစ်ယောက်က လက်နက်ကိုင်ထားတယ်။ ဆရာရယ် ကျွန်တော်တို့ ခရီးစရိတ်ပါခဲ့တာမှ လေးသိန်း။ ဆီဖြည့်တာနဲ့ စားတာသောက်တာနဲ့ လက်ထဲမှာ သုံးသိန်း တစ်သောင်းကျော်လောက်ပဲ ကျန်တာ။ သုံးသောင်းလောက်တော့ ယူလိုက်ပါဆိုတာ ငါတို့ကို သူတောင်းစားမှတ်နေလား။ မင်းတို့ ပေးသလောက်ယူရမှာလားဆိုပြီး ပါးရိုက်တယ်” ဟု ထွက်ပြေးလွတ်မြောက်လာသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် လူနေအိမ်ခြေများမရှိသော်လည်း မုံရွာ-ယာကြီး-ကလေးဝလမ်းမပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်ကိုလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်နှင့်နီးသည်ဟုဆိုသည်။

ကုန်တင်ကားမှာ မန္တလေးအခြေစိုက် ကုမ္ပဏီတစ်ခုကဖြစ်ပြီး ယာဉ်မောင်းအပါအဝင် ကုမ္ပဏီဝန်ထမ်းသုံးဦးလိုက်ပါလာခဲ့သည်။ လွတ်မြောက်လာခဲ့သော ဝန်ထမ်းနှစ်ဦးမှာ အသိမိတ်ဆွေနေအိမ်မှတဆင့် မဇ္ဈိမသို့ ဆက်သွယ်ပြောကြားလာခဲ့ခြင်းဖြစ်သည်။

“သူတို့တောင်းတဲ့ ငွေမပေးနိုင်တာ တောင်းပန်ပြောတော့ နောက်ကပါတဲ့ ပစ္စည်းတွေ စစ်ဆိုပြီး စစ်တယ်။ ကျွန်တော်တို့လည်း အသာတကြည်အစစ်ခံပါတယ်။ အချိုရည်ကတ်တွေတွေ့တော့ လှူမယ့်ဟာတွေမလားဆိုပြီးမေးတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ပို့ခိုင်းထားတဲ့ဟာတွေ။ ဟိုဘက်က ကိုယ်စားလှယ်ကို ပို့ရမှာပါဆိုပြီး ဘောင်ချာတွေပါပြတာလည်း မရဘူး။ အမှန်အတိုင်းပြောဆိုပြီး ပါးထပ်ရိုက်တယ်။ လူကိုလည်း ဆောင့်ကန်တယ် ခါးကနေ” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျွန်တော့်ကားဆရာကိုလည်း ဝမ်းဗိုက်ကို လက်သီးနဲ့ နှစ်ချက်ထိုးတာ လုံးဝမထနိုင်ဘူးဖြစ်သွားတယ်။ ဒီကောင်တွေကို မသင်္ကာဘူး အကုန်မီးရှို့ဆိုပြီးပြောတော့ မလုပ်ကြပါနဲ့လို့ ကျွန်တော်တောင်းပန်တယ်။ တောင်းပန်လို့ကို မရဘူး။ နောက်ဆုံး မထူးဘူးဆိုပြီး ကျွန်တော်တို့လည်း ပြေးတာ။ ကားဆရာကတော့ ကျန်ခဲ့တာ။ ကျွန်တော်တို့ကို နောက်က သေနတ်နဲ့ ပစ်ပြီး လိုက်သေးတယ်။ နောက်ပြီးမှ ဒီမှာ တစ်ယောက်ဖမ်းမိထားတာပဲလို့ပြောပြီး ဆက်မလိုက်တော့တာ” ဟု သူကဆက်ပြောသည်။

မီးရှို့ဖျက်စီးခဲ့သည့် ကားနှင့် ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်းတစ်ထောင်ဝန်းကျင်ရှိသည်ဟု ပြောသည်။ သီးခြားအတည်ပြုချက်မရနိုင်ပါ။

“ကားကို မီးရှို့သွားတယ်။ ကျွန်တော်တို့ ဖုန်းနဲ့ ပိုက်ဆံသုံးသိန်းကျော်လည်း သူတို့ယူသွားတယ်။ အချိုရည်တွေ၊ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်တွေပါတယ်။ စားသောက်ကုန်က သိန်း ၅ဝ ကျော်လောက်ပဲ။ အင်ဂျင်ဝိုင်ရဲ့ တန်ကြေးက များတာ။ ကုန်ပစ္စည်းအားလုံးပေါင်းတန်ကြေးက သိန်း ၄၇ဝ ဖိုး၊ ကားရဲ့ တန်ကြေးက သိန်း ၅ဝဝ ပတ်ချာလည်ရှိတယ်။ ဒီလောက်အများကြီး ကျွန်တော်တို့လည်း ကုမ္ပဏီကို မလျော်နိုင်ဘူး။ ဘဝမှာ ဒီလိုတစ်ခါမှ မကြုံဖူးဘူး” ဟု ဝန်ထမ်းက ပြောသည်။

စစ်ကောင်စီတပ်ဘက်ကတော့ မုံရွာ-ကလေး-ယာကြီးလမ်းပေါ်တွင် ကုမ္ပဏီကားတစ်စီး မီးရှို့ဖျက်စီးခံရမှုမှာ ယာကြီးရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဘက်က လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သို့သော် ယာကြီးရှိ PDF အဖွဲ့က ယတိပြတ်ငြင်းဆိုသည်။

“အခုဖြစ်သွားတဲ့ ကိစ္စကို ကျွန်တော်တို့ကပဲ ကားကို မီးနဲ့ ရှို့တယ်လို့ သူတို့က သတင်း လွှင့်ထားပြီးပြီ။ ဒီကောင်တွေက အခုအရမ်းဆိုးလာတယ်။ ကားတစ်စီးကို နှစ်သိန်း၊ သုံးသိန်းတောက်လျှောက်ဆက်ကြေးကောက်တဲ့ ပုံစံမျိုးတွေ တအားလွန်လွန်းအားကြီးတယ်။ အခုလည်း အပြစ်မဲ့တဲ့ ကုမ္ပဏီဝန်ထမ်းတွေကိုလည်း ရက်ရက်စက်စက်ရိုက်နှက်။ ဘာမှမဆိုင်ဘဲနဲ့လည်း အခုတစ်ယောက်ကို ဖမ်းထားတယ်” ဟု PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် နှစ်လလောက်ကတည်းက စစ်ကောင်စီတပ်များသည် ဖြတ်သန်းသွားလာနေသော ကားကြီး၊ ကားငယ်၊ ဆိုင်ကယ်များထံမှ ဆက်ကြေးကောက်ခံမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းတပ်များ၏ ဖမ်းဆီးခံထားရသည့် အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ကိုလတ်နှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာမကြားရသေးသည့်အတွက် စိုးရိမ်ပူပန်လျှက်ရှိကြောင်း စစ်ကောင်စီတပ်များ၏ လက်မှ ထွက်ပြေးလွတ်မြောက်လာသော ကုမ္ပဏီဝန်ထမ်းတို့က ပြောသည်။

မုံရွာ − ယာကြီး − ကလေးဝလမ်းမပေါ် ကျေးရွာအချို့နှင့် ချင်းတွင်းမြစ်ရိုးတလျှောက် ကျေးရွာများသည်ဒေသခံ PDF များ၏ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက် စစ်ကောင်စီတပ်များကြုံနေရသည့်နေရာများဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*