စစ်ဆေးရေး ဂိတ်အဆောက်အအုံ ပျက်စီးသည်အထိ ဗုံးပေါက်ကွဲမှု ပြင်းထန်​ခဲ့ပြီး ဂိတ်စောင့်နေသူ ၇ဦးအနက် ရဲသုံးဦး ထိခိုက်ခဲ့သည်

စလင်းမြို့တွင် စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ဆေးရေးဂိတ်အဆောက်အအုံ ပျက်စီးသည်အထိ ဗုံးပေါက်ကွဲမှု ပြင်းထန်​ခဲ့ပြီး ဂိတ်စောင့်နေသူ ၇ ဦးအနက် ရဲသုံးဦး ထိခိုက်ခဲ့သည်

Aug 17.2021
မကွေးတိုင်း စလင်းမြို့တွင် ယနေ့ (ဩဂုတ် ၁၇) နံနက် ၁၀ နာရီခန့်က စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနှစ်ဦးက အတည်ပြုသည်။

“မင်းဘူး – စလင်းကားလမ်းမှာ။ လတ်တလောကတော့ ဘယ်သူ့လက်ချက်လဲဆိုတာ အသေအချာပြောလို့ မရသေးဘူး။ လက်ရှိအနေအထားက အဲဒီမှာ ဗုံးပေါက်ကွဲသွားတယ်။ ဂိတ်စောင့်နေတာ ၇ ဦးလောက်မှာ သုံးယောက်ထိသွားတယ်။ တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ နှစ်ယောက်က အခြေအနေမကောင်းဘူး ဆေးကုသနေရတယ်” ဟု မကွေးဒေသခံက Myanmar Now ကို ပြောသည်။

စစ်ဆေးရေးဂိတ်အဆောက်အအုံ ပျက်စီးသည်အထိ ဗုံးပေါက်ကွဲမှု ပြင်းထန်​ခဲ့ပြီး ဒဏ်ရာရရဲနှစ်ဦးလည်း သေဆုံးနိုင်သည့် အခြေအနေရှိကြောင်း ၎င်းဒေသခံက ဆိုသည်။

“ဒါတွေက ဒီဘက်ဒေသမှာ ပွင့်ဖြူ၊ စလင်း၊ မင်းဘူးတို့ဒေသမှာ မကြာမကြာ ပေါက်ကွဲနေတာရှိတယ်။ ဒီနေ့ ပုံစံကတော့ ပြင်းအား တော်တော်များတယ် အထိအခိုက်လည်းများတယ်။ သူတို့ ဂိတ်ချထားတဲ့ လုံခြုံရေးကင်းစခန်းလေးရယ် သဲအိတ်တွေကာထားတာရယ်က တော်တော်လေး ပျက်စီးသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်ရန် မကွေးတိုင်းအတွင်းရှိ စလင်းအပါအဝင် မြို့နယ်အများစု၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ စုဖွဲ့ပြင်ဆင်လျက်ရှိပြီး လက်တလောတွင် စစ်ကောင်စီယန္တရားကို တိုက်ခိုက်နေသည့် မြို့နယ်များ ပိုမိုများပြားလာသည်ဟုလည်း စလင်းမြို့ခံတစ်ဦးက ဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူလူထုများကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ခဲ့ခြင်းများကြောင့် မကွေးအပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်တော်လှန်ခုခံမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီဘက်တော်သား အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များ၊ ပြည်သူလူထုအား ဖိနှိပ်နေသည့် စစ်​ကောင်စီရုံးများ၊ စစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီတပ်၏ စစ်ကြောင်းများကို ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိသည်။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*