စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဇနီးမောင်နှံတွင် ၃နှစ်အရွယ် သမီးငယ်ကျန်ရစ်

စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဇနီးမောင်နှံတွင် ၃နှစ်အရွယ် သမီးငယ်ကျန်ရစ်

ဝေယံမိုး – မဇ္ဈိမ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကျေးရွာမှ လင်မယားနှစ်ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်မှု ဩဂုတ် ၂၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ခင်ဦးမြို့မှ ကံသာယာသို့သွားသည့် လမ်းမကြီးရှိ တံတားလိမ်ဆိုသည့် နေရာတွင် ဖြစ်ပွားသည့် ထိုဖြစ်စဉ်တွင် အသက် ၃၅နှစ်အရွယ် ကိုမောင်အေးနှင့် အသက် ၃၆ နှစ်အရွယ် မနွဲ့နွဲ့အေးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး အသက် သုံးနှစ်အရွယ် လူမမယ် သမီးငယ်တစ်ဦး ကျန်ရစ်ကြောင်း ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သူထံက သိရသည်။

“ ဗအိုးရွာသားနဲ့ညားတော့ အဲဒီရွာကလယ်တွေ ကောက်စိုက်ခရှင်းဖို့ လယ်တောထဲသွားကြတာ၊ အပြန်ည ၇ နာရီလောက်မှာ ကင်းလှည့်တဲ့ စစ်သားတွေက နှစ်ယောက်စလုံးကို ပစ်သတ်လိုက်ကြတာဗျာ” ဟု ၎င်းက ပြောသည်။

ကိုမောင်အေးသည် လယ်ယာလုပ်ကိုင်သည့် တောင်သူတစ်ဦးဖြစ်ပြီး စိုက်ပျိုးရေးဆေးများ ရောင်းချသူလည်း ဖြစ်သည်။ မနွဲ့နွဲ့အေးမှာ ကျေးရွာတွင် ဆေးကုသပေးသည့် ဘွဲ့ရ သူနာပြုဆရာမတစ်ဦး ဖြစ်သည်။

ယင်းဖြစ်စဉ်ကို ခင်ဦးမြို့နယ်ရဲစခန်းက ကံသစ်ရွာသားတစ်ဦးထံ ဖုန်းဆက်အကြောင်းကြားမှသာ ဆွေမျိုးများက စခန်းသို့ လိုက်သွားကြရခြင်း ဖြစ်သည်။

“စခန်းမှာ ရဲတွေပြောတာတော့ ကင်းလှည့်တဲ့ စစ်သားတွေနဲ့တွေ့တော့ ဆိုင်ကယ်ရပ်မပေးလို့ ပစ်လိုက်တာလို့ပြောတယ်။ သူတို့ပြောစကားပေါ့ဗျာ။ ပြီးတော့ဆိုင်ကယ်ကိုလည်း ပြန်မပေးသေးဘူး။ နောက် ကောက်စိုက်ခတွေနဲ့ လယ်လုပ်ခတွေရှင်းဖို့ ပိုက်ဆံ၁၀ သိန်းလောက်ပါသွားတာလည်း သူတို့ယူထားလိုက်တာပဲ နေမယ်။ နောက်တော့ ရင်ခွဲရုံမှာ သူနဲ့ သူ့အမျိုးသားရဲ့ရုပ်အလောင်းကို နာကူက ကားနဲ့သွားထုတ်ရတယ်” ဟု ဆွေမျိုးတစ်ဦးက ပြောသည်။

သေဆုံးသူ ကိုမောင်အေးတွင် ဦးခေါင်း သေနတ်ကျည်ဒဏ်ရာ တစ်ချက်၊ မနွယ်နွယ်တွင် ဝမ်းဗိုက်သေနတ် ဒဏ်ရာတစ်ချက် တွေ့ရကြောင်း ၎င်းက ဆိုသည်။

ထို့နောက် ရုပ်အလောင်းအား မြို့နယ်ရင်ခွဲရုံမှ နေရပ်ကျေးရွာသို့ သယ်ဆောင်ကာ ယနေ့ နေ့လယ် ၁ နာရီခန့်တွင် ရွာသုဿာန်၌ မြေချမြှုပ်နှံခဲ့ကြသည်။

“သူတို့လင်မယားမှာ သမီးလေးကျန်ရစ်တယ်။ သုံးနှစ်ပဲရှိသေးတယ်။ သူ့အတွက်ကိုတော့ ကျန်တဲ့ မိသားစုတွေ တိုင်ပင်ကြရဦးမယ်။အဖေရော၊ အမေရော မရှိတော့ဘူးဆိုတော့ ရှေ့လျှောက် ဘယ်လိုလုပ်ကြမလဲ ဆိုတာပေါ့” ဟု ၎င်းကဆိုသည်။

ခင်ဦးမြို့နှင့် လေးမိုင်ခန့်ဝေးသည့် ကန်သစ်ရွာရှိ လူအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြပြီး ယခုဖြစ်ရပ်အ‌ပေါ် တောင်သူများက စိုးရိမ်နေကြသည်။

“ကျွန်တော်တို့ လယ်စိုက်တဲ့သူတွေလည်း ခုလိုဖြစ်ရပ်မျိုး တစ်ခါမှမကြုံဖူးဘူး။ သူတို့လုပ်ချင်သလို လုပ်နေကြတော့ စိုက်ပျိုးရေးလုပ်ဖို့ သွားရလာရမှာတောင် လန့်နေရပြီဗျာ” ဟု အဆိုပါရွာမှ တောင်သူတစ်ဦးက ဆိုသည်။

ဇူလိုင် ၂၁ ရက် က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကွန်ဆိပ်ကျေးရွာမှ ဦးသိန်းတင်သည် ည ၇ ရီအချိန်တွင် ရွာသို့ပြန်လာစဉ် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ်သည့်အတွက် သေဆုံးခဲ့ရ‌ေသးသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*