စစ်အာဏာသိမ်းမှု နိုင်ငံတကာ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ကုလကိုယ်စားလှယ် ၂ ဦးတိုက်တွန်း

စစ်အာဏာသိမ်းမှု နိုင်ငံတကာ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ကုလကိုယ်စားလှယ် ၂ ဦးတိုက်တွန်း

မြန်မာစစ်ကောင်စီရဲ့ ကြီးမားကြမ်းကြုတ်လှတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းလှုပ်ရှားမှုအောက်မှာ လူ့အခွင့်အရေးကာကွယ်သူတွေဟာ ပစ်မှတ်ထားဖိနှိပ်ခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ လွတ်လပ်တဲ့ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးတွေက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို နိုင်ငံတကာအနေနဲ့ ပိုမိုပြင်းထန်တဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews နဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် Mary Lawlor တို့ မနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လှုပ်ရှားတက်ကြွသူတွေဟာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်း၀ရမ်းထုတ်ခံရပြီးနောက် မဖြစ်မနေ ပုန်းအောင်းရှောင်တိမ်းနေရတယ်လို့ ဖေါ်ပြထားပါတယ်။ နေအိမ်တွေ ၀င်ရောက်စီးနင်းခံရတာ၊ ပိုင်ဆိုင်မှုတွေ သိမ်းယူခံရတာ၊ မိသားစု၀င်တွေပါ ခြိမ်းခြောက်၊ နှောင့်ယှက်ခံရကြောင်း ရှောင်တိမ်းနေသူတွေက ပြောပြကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် ထွက်ပြေးလို့ မရလိုက်တဲ့ သူတွေဟာလည်း မတရားဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဆန္ဒပြပွဲတွေကို သတင်းယူခဲ့ကြတဲ့ သတင်းထောက်တွေ ဖမ်းဆီးခဲ့သလို၊ အာဏာသိမ်းပြီး ထိန်းသိမ်းခံရသူတွေအတွက် လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကိုလည်း ဖမ်းဆီးခဲ့ကြာင်း ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေရဲ့ ကြေညာချက်က ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုဖေါ်ပြချက်တွေကို လေးစားတန်ဖိုးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အတွက် အပူတပြင်းလိုအပ်နေတာက မြန်မာစစ်တပ်အပေါ် လက်တွေ့အရေးယူဆောင်ရွက်ချက်တွေပဲဖြစ်တယ်လို့ Tom Andrews ကပြောဆိုခဲ့ပါတယ်။

“တရားမ၀င် စစ်ကောင်စီရဲ့ ဓါးစာခံဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအနေနဲ့ ရပ်တည်ပေးဖို့ အလွန်အရေးကြီးနေပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ လက်နက်ရောင်းချမှုကို ပိတ်ပင်တားမြစ်ဖို့ အပါအ၀င် စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေကိုချမှတ်နိုင်ရေး ခိုင်မာပြီး အာရုံစိုက် ညှိုနှိုင်းဆောင်ရွက် ဖို့ အချိန်တန်နေပါပြီ။” လို့ Tom Andrews က ရေးသားထားပါတယ်။

အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် Mary Lawlor ကလည်း အသက်လုံခြုံရေးအတွက် ကြီးမားတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့ပါတယ်။

” အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေဟာ အန္တရာယ်ရှိနေပြီး၊ သူတို့ ဖမ်းဆီးခံရမယ်ဆိုရင် အကျဉ်းထောင်တွေမပို့ခင် နှိပ်စက်ညှင်းပန်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အကျဉ်းထောင်တွေမှာဆိုရင်လည်း ဆေးဝါးကုသမှုတွေပေးတာမဟုတ်ပါဘူး။” လို့ Ms. Lawlor ကရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်ကစပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးနှိပ်စက် ညှင်းပန်းမှုတွေကြောင့် ကလေးသူငယ်တွေအပါအ၀င် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၉၂ ဦး ထက်မနည်း သေဆုံးခဲ့သလို၊ မရေမတွက်နိုင်တဲ့ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

VOA Burmise New

Be the first to comment

Leave a Reply

Your email address will not be published.


*