စောဘဦးကြီးရဲ့ မူဝါဒ(၄) ရပ်မှာလည်း အခုထိတိုင် မှန်ကန်တဲ့ လမ်းစဉ်အဖြစ်ရှိနေပါတယ်။

(၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့

ကရင်အာဇာနည်ခေါင်းဆောင်စောဘဦးကြီး ကျဆုံးခဲ့တဲဲဲ့ (12.08.1950)ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး အခုဆိုရင် ၇၁ နှစ်မြောက်သို့ ရောက်ခဲ့ပါပြီ။
ကရင်အမျိုးသားအစည်းအရုံး Karen Nation Union(KNU) ကို ၁၉၄၇ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့ကြပြီး၊ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဗမာ့တပ်မတော်ကို လက်နက်ကိုင်တိုက်ပွဲခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်။

စောဘဦးကြီးရဲ့ မူဝါဒ(၄) ရပ်မှာလည်း အခုထိတိုင် မှန်ကန်တဲ့ လမ်းစဉ်အဖြစ်ရှိနေပါတယ်။

ကရင်အမျိုးသားအစည်းရုံးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Give me Liberty, or Give me death” ကိုတော့ ကရင်လူမျိုးဖြစ်တဲ့ ညီမက တော်တော်သဘောကျခဲ့တဲ့သူပါ။

ညီမသိမှီသလောက် အာဏာရှင်စနစ်ဆိုးအကြောင်းနဲ့ ညီမတို့လက်တွေ့ကြုံခဲ့ရတဲ့အကြောင်းတချို့ကို ပြောပြပါမယ်။

ဧရာဝတီတိုင်းရဲ့ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ မော်လမြိုင်ကျွန်းမြို့(မော်ကျွန်းမြို့) နားက ကရင်ရွာလေးတရွာက ညီမရဲ့ မူလဇာတိရွာလေးဖြစ်ပါတယိ။ အရင်က ရန်ကုန်ကနေ တညလုံး သင်္ဘောစီးပြီးသွားခဲ့ရတဲ့ မော်ကျွန်းမြို့လေးကို နွေကျောင်းပိတ်တိုင်းအပြေးပြန်ခဲ့ရတာပါ။

ညီမ People’s Voices မှာ နာဂစ်မုန်တိုင်းအကြောင်းရေးခဲ့တာ ရှိပါတယ်။ စစ်အာဏာရှင်တို့ အတင်းကြပ်ပြဌာန်းလိုက်တဲ့ စာအုပ်အစိမ်းဥပဒေ(၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ) ဟာ ညီမတို့ ဧရာဝတီတိုင်းကို အလောင်းတွေပုံထပ်ပြီး အတည်ပြုခဲ့ကြတယ်ဆိုတာ အမှတ်ရစေချင်လို့ ရေးခဲ့တာပါ။
ညီမငယ်ငယ်က ထမင်းစားနှေးရင် အဖွားက ဒီကလေးမ စစ်နဲ့ မကြုံတော့ ကံကောင်းတယ်။ အဖွားတို့ တုန်းကဆို ထမင်းစားမပြီးခင် စစ်တပ်က ဗုံးလာကြဲမှာကြောက်ပြီး ထမင်းကို မြန်မြန်မြိုချခဲ့ရတာတဲ့။

တခါကဆို ထမင်းစားနေရင်း လေယျာဉ်သံကြားလို့ ထမင်းဇလုံကြီး ကိုင်ပြီး အိမ်အောက်က ဗုံးခိုကြွင်းထဲ ပြေးပုန်းခဲ့ရတယ်တဲ့။
အဲ့လိုပြောပြခဲ့တဲ့ အဘွားသာ အခုထိ အသက်ရှင်နေမယ်ဆို ငါ့မြေးတို့ ကံကောင်းတယ်လို့ ပြောမှာမဟုတ်တော့ပါဘူး။ အာဏာရှင်စစ်တပ်ဟာ ညီမတို့ ကရင်လူမျိုးတွေကို မြစ်ဝကျွန်းပေါ်က တောအုပ်ထဲ ပိတ်ညှပ်သတ်ခဲ့တာတွေကရော အဲ့ခေတ်ထဲက လူမျိုးတုံးဥပဒေကို ချိုးဖောက်ခဲ့ကြတာမဟုတ်ဘူးလား။

ညီမတို့ ကရင်လူမျိုးတွေက ဇွဲကြီးတယ်။ သစ္စာရှိတယ်။ စကားပြောပြတ်တယ်။ ဆုံးဖြတ်ပြီးရင် နောက်မဆုတ်တတ်ကြပါဘူး။

ခေတ်အဆက်ဆက် ဖိနှိပ််မှု့ကိုခံရင်း ညီမတို့လူမျိုး လွတ်မြောက်ဖို့တွက် တိုကိပွဲဝင်ခဲ့ကြတာ ဒီနေ့ထိပါပဲ။အရင်က ကရင်လူမျိုးလို့ပြောရင် ကရင်သူပုန်ပေါ့ဆိုပြီး ပြန် စနောက် ခံခဲ့ရတာတွေကိုတောင် စိတ်မဆိုးတတ်ခဲ့တော့ပါဘူး။ ညီမတို့ ကရင်လူမျိုးတွေ ဘာလို့ သူပုန်ဖြစ်ခဲ့ရတယ်ဆိုတာကို ခုချိန်မှာတော့ ရှင်းပြဖို့ မလိုတော့ဘူးထင်ပါတယ်။ နားလည်နေလောက်ပါပြီ။

ဒါတွေရေးရတာက ညီမတို့ပြည်သူတွေ သွေးကွဲဖို့ မဟုတ်ပါဘူး။ အာဏာရှင် စစ်တပ်ကို ညီမတို့ အားလုံးစုပေါင်းပြီး တိုက်မှ နိုင်မယ်။ အမြစ်ဖြတ်နိုင်မယ်ဆိုတာ ပြည်တွင်းစစ်တွေကို လေ့လာကြည့်ရင် သိကြမှာပါ။ ကရင့်အာဇာနည်နေ့ဖြစ်တဲ့အတွက် ကရင်လူမျိုးတွေ အကြောင်းကို ဂုဏ်ယူပြီး ရေးခြင်းဖြစ်ပါတယ်။ ခုချိန်မှာ အာဏာရှင်စစ်တပ်ရဲ့ ဆိုးကျိုးကို အားလုံး အတူတကွ ခံစားနေကြရတဲ့ အတွက် အားလုံးဟာ ခံစားချက်တွေ ညီတူမျှပြီး အတူစုပေါင်းပြီး အဆုံးထိ တိုက်ကြရအောင်ပါ။

ခေတ်အဆက်ဆက် သမိုင်းတလျှောက် အာဏာရှင်ကိုတော်လှန်ရင် ကျဆုံးခဲ့ရတဲ့ ကရင်အာဇာနည်များနှင့်တကွ အာဇာနည်အားလုံးကို လေးစားစွာ ဦးညွတ်ဂါရဝပြုပါတယ်။

ပုခုံးပြောင်းလာတဲ့ တာဝန်ကို အဆုံးထိတိုက်ရင်း ဘယ်တော့မှ အညံ့မခံအရှုံးမပေးတတ်တဲ့ ကရင်လူမျိုးတယောက်ရဲ့ တာဝန်ကို ကျေစေရပါမယ်။

အရေးတော်ပုံအောင်ရမည်။

ရှင်အေးဘုံ
People’s Voices

Be the first to comment

Leave a Reply

Your email address will not be published.


*