တရုတ် တာလီဘန်နှင့် တရားမဝင် မူးယစ်ကုန်သွယ်ရေး၏ ခြိမ်းခြောက်မှုများ

တရုတ်၊ တာလီဘန်နှင့် တရားမဝင် မူးယစ်ကုန်သွယ်ရေး၏ ခြိမ်းခြောက်မှုများ

 

အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် တရားမဝင်မူးယစ်ဆေးကုန်သွယ်မှုအပေါ် မှီခိုနေရခြင်းကြောင့် တရုတ်နိုင်ငံအပေါ် ကျရောက်နေသည့် ခြိမ်းခြောက်မှုကို ဖြေရှင်းရန် အာဖဂန်လယ်သမားများအနေဖြင့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရန် တရုတ်က တိုက်တွန်းနိုင်ခဲ့ကြောင်း တရုတ်လေ့လာသုံးသပ်သူများက ပြောကြားသည်။

 

ခန့်မှန်းသုံးသပ်ချက်များအရ ဘိန်းအခြေခံ မူးယစ်ဆေးများနှင့် မက်သာဖက်သမင်းဆေးများအား မှောင်ခိုကူးခြင်း သည် တာလီဘန်တို့၏ တစ်ခုတည်းသော ဝင်ငွေရင်းမြစ် ဖြစ်နေသေးသလို ၎င်းတို့အပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူမည့်အခြေအနေကြောင့် ယင်းလုပ်ငန်းအပေါ်၌ပင် ဆက်လက်မှီခိုရဖွယ် ရှိနေသည်။

 

ယခင်က အာဖဂန်နစ္စတန်မှ တရုတ်သို့ ဘိန်းဖြူများဝင်သည့် အဓိကလမ်းများအနက် တစ်ခုသည် ပါကစ္စတန်နှင့် တရုတ်အနောက်ပိုင်း ရှင်ကျန်းပြည်နယ်တို့ဖြစ်သည်။

 

လန်ကျူးတက္ကသိုလ်မှ နို်ငငံတကာရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဝမ်ကျင်ဂူးက အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားလျှင် နိုင်ငံမြောက်ပိုင်း လမ်းကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးကုန်သွယ်မှု ပြန်လည်ခေါင်းထောင်မလာစေရေးအတွက် တရုတ်က အာရုံစိုက်ထားရန် လိုအပ်မည်ဟု ပြောကြားခဲ့ခြင်းကို ဆင်ဟွာသတင်းဌာနက ပြီးခဲ့သည့်လအတွင်း ဖော်ပြခဲ့သည်။

 

အာဖဂန်နစ္စတန်သည် ကမ္ဘာ့ဘိန်းနှင့် ဘိန်းဖြူ ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းနှင့် သက်ဆိုင်နေကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံသည် ဘိန်းနှင့် ဆက်စပ်ဆေးဝါးများ သုံးစွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတို့မှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနှင့် ၂ ဒသမ ၁ ဘီလျံ အကြား ရရှိနေကြောင်း UNODC က ပြောကြားထားသည်။

 

တာလီဘန်တို့သည် ယမန်နှစ်အတွင်းက ဘိန်းစိုက်ပျိုးသူတို့ထံမှ အခွန်ငွေ ဒေါ်လာ သန်း ၄၆၀ ရရှိခဲ့ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇွန်လအတွင်း ထုတ်ပြန်ခဲ့ပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုသည် တာလီဘန်တို့အတွက် အကျိုးအမြတ်ရှိသည့် လုပ်ငန်းတစ်ခု ဖြစ်နေသည်။

 

အာဖဂန်နစ္စတန်နိုင်ငံအား သိမ်းပိုက်ပြီးနောက် တာလီဘန်တို့က နိုင်ငံအား မူးယစ်ဆေးဝါးအပေါ် လုံးဝ မှီခိုနေရသည့် နိုင်ငံဖြစ်စေမည်မဟုတ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

 

သို့သော် လန်ကျူးတက္ကသိုလ်မှ အာဖဂန်ရေးရာ ကျွမ်းကျင်သူ ကျူယွန်ဗြောင်က တာလီဘန်တို့သည် နိုင်ငံတကာ၏ ကူညီမှုမရရှိခြင်းနှင့် ပိတ်ဆို့အရေးယူမှုများကို ကြုံတွေ့ရနိုင်သောကြောင့် တရားမဝင်မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းငန်းအား နိုင်ငံတွင်းမှ ပပျောက်ရေး ကတိကဝတ်များကို လိုက်နာနိုင်ရန် ခက်ခဲလိမ့်မည်ဟု ပြောကြားခဲ့သည်။

 

“မူးယစ်ဆေးဝါးထိန်းချုပ်ရေးဟာ နိုင်ငံတကာက ချမှတ်မယ့် ပိတ်ဆို့အရေးယူမှုတွေ၊ ပိုင်ဆိုင်မှုအရပ်ရပ်ကို ထိန်းချုပ်တာတွေနဲ့ အများကြီး ဆက်စပ်နေပါလိမ့်မယ်” ဟု ကျူက ပြောသည်။

 

“အစိုးရက ဘိန်းဖြူကို တားမြစ်လည်းပဲ ဒီပြဿနာကို ဖြေရှင်းနိုင်မယ် ဒါမှမဟုတ် ကာလတိုတစ်ခုအတွင်းမှာ ဖြေရှင်းနိုင်လိမ့်မယ်လို့ မထင်ပါဘူး” အာဖဂန်နစ္စတန်အရေးနှင့် ပတ်သက်၍ ဩဂုတ် ၃၁ ရက်တွင် ကျင်းပမည့် G7 စီးပွားရေး ထိပ်သီးနိုင်ငံများ၏ အစည်းအဝေးတွင် တာလီဘန်တို့အား ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန် ကမ္ဘာ့ခေါင်းဆောင်များက ဆွေးနွေးဖွယ်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

 

အာဖဂန်နစ္စတန်အစိုးရ၏ ဗဟိုဘဏ်က ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ ၉ ဘီလျံခန့်ရှိသည့် ပိုင်ဆိုင်မှုအရပ်ရပ်ကို အမေရိကန်အစိုးရက ထိန်းချုပ်ထားသလို အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ အကူအညီများကို ရယူနိုင်တော့မည်မဟုတ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ထုတ်ပြန်ခဲ့သည်။

 

ယမန်နှစ်အတွင်း နိုင်ငံတကာက အာဖဂန်နစ္စတန်သို့ ပေးအပ်ခဲ့သည့် အကူအညီသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ ၄၂ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ် ကိန်းဂဏန်းတွင် ဖော်ပြထားသည်။

 

လန်ကျူးတက္ကသိုလ်မှ ဗဟိုအာရှရေးရာ ဌာနမှူဟောင်း ယန်ရှူးက တာလီဘန်တို့က ဘိန်းစိုက်ပျိုးရေးကို တားမြစ်လိမ့်မည်ဟု မသိနိုင်သော်လည်း တရုတ်က ပါဝင်ဖြေရှင်းပေးနိုင်သည်ဟု ပြောကြားသည်။

 

“အာဖဂန်မှာ စီးပွားဖြစ် သီးနှံတွေ စိုက်ပျိုးဖို့ တရုတ်နိုင်ငံက ပါဝင်ကူညီနိုင်သလို တာလီဘန်တာဝန်ရှိသူတွေကိုလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နည်းပညာတွေကို လေ့ကျင့်ပေးနိုင်ပါတယ်” ဟု ယန်က ပြောကြားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*