တာလီဘန်အဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘာပြောလဲ

တာလီဘန်အဖွဲ့ သတင်းစာရှင်းလင်းပွဲမှာဘာပြောလဲ

တာလီဘန်တွေအနေနဲ့ သူတို့မြေပေါ်မှာ နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ အခြေစိုက်ပြီး အကြမ်းဖက်မှုပြန့်ပွားရေး လုပ်ဆောင်မယ့်အသုံးချခံအခြေအနေမျိုးမဖြစ်စေရပါဘူးလို့ အာမခံကြောင်း တာလီဘန်ပြောခွင့်ရသူက ပြောကြားပါတယ်။

“အမေရိကန်အပါအဝင် တကမ္ဘာလုံးကိုကျွန်တော်တို့ပြောချင်တာက အာဖဂန်မြေဟာ အိမ်နီးချင်းတွေအပါအဝင်ဘယ်တိုင်းပြည်ကိုမှ ခြိမ်းခြောက်တာ မျိုးမဖြစ်စေလိုပါဘူး။

အားလုံးကိုသေချာပေါက်ပြောလိုတာက အိမ်နိးချင်းနိုင်ငံတွေ၊ ဒါမှမဟုတ် တခြားနိုင်ငံတွေကို ဆန့်ကျင်ဖို့ အာဖဂန်နစ္စတန်မြေမှာလာလုပ်မှာကို လက်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးက အစ္စလာမ်တိုင်းပြည်တစ်ခုအပေါ်ယုံကြည်ကျေနပ်မှုရှိသင့်ပါတယ်” လို့တာလီဘန်ပြောခွင့်ရဇာဘီ ဟူလာမူဂျာဟစ်က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ကာဘူးလ်မြို့မှာတော့ တာလီဘန်တွေက သူတို့တိုက်ခိုက်ရေးသမားတွေကို လူနေအိမ်တွေထဲဝင်ရောက်တာ၊ သံရုံးဝန်ထမ်းတွေကိုအနှောင့်အယှက်ပေးတာတွေ မလုပ်ဖို့ဆော်သြထားပြီး အစိုးရဝန်ထမ်းတွေအနေနဲ့အလုပ်ခွင်ပြန်ဝင်ကြဖို့တိုက်တွန်းနေပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေအနေနဲ့လူ့အခွင့်အရေးကိုလေးစားလိုက်နာပါတယ်ဆိုတဲ့ ကတိပေးထုတ်ပြန်ချက်ကို အမေရိကန်အစိုးရကလည်းမျှော်လင့်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“တကယ်လို့တာလီဘန်တွေက သူတို့နိုင်ငံသားတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာမယ်လို့ ပြောရင် ကျွန်တော်တို့ကလည်း အဲ့ဒီပြောဆိုချက်အတိုင်း လိုက်နာစေချင်ပါတယ်။ ခိုင်ခိုင်မာမာရှိစေချင်ပါတယ်” လို့အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ နဒ်ပရိုက်စ် က ပြောသွားတာပါ။ ကုလသမဂ္ဂကတော့လက်တွေ့မြေပြင်မှာလေးစားလိုက်နာမှုကိုပထမဆုံးမြင်ချင်တယ်လို့ဆိုပါတယ်။

အာဖဂန်နစ္စတန်မှာဖမ်းဆီးခံထားရသူတွေကို လက်တုံ့ပြန်သတ်ဖြတ်ပြီး မျက်ကွယ်တရားစီရင်တာ၊ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေကိုညှင်းပမ်းနှိပ်စက်တာ ၊ ကလေးငယ်တွေကို ရာဇဝတ်မှု ကျူးလွန်တာနဲ့ အရပ်သားတွေအပေါ် တခြားရာဇဝတ်မှုတွေကျူးလွန်တာမြင်ရတဲ့အပေါ်အကြီးအကျယ်စိုးရိမ်မိတယ်လို့နိုင်ငံတကာရာဇဝတ်တရားရုံး အိုင်စီစီအကြီးအကဲ ကားရင့်ခမ်းကပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ-Getty Images
ပုံစာ-မနေ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ တာလီဘန်ပြောခွင့်ရသူ ဇာဘီဟူလာမူဂျာဟစ်

Be the first to comment

Leave a Reply

Your email address will not be published.


*