တားမြစ်နယ်မြေသို့ ထပ်ကျော်လာပါက တိုက်ပွဲပြင်းထန်လာနိုင်ဟု KNU ဆို

တားမြစ်နယ်မြေသို့ ထပ်ကျော်လာပါက တိုက်ပွဲပြင်းထန်လာနိုင်ဟု KNU ဆို

 

 

တားမြစ်နယ်မြေသို့ ထပ်ကျူးကျော်လာပါက တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု KNU ဒူးပလာယာခရိုင်က ယနေ့ (သြဂုတ် ၂၄ ရက်)တွင် ထုတ်ပြန်သည်။

 

ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုထံ BGF အင်အား(၃၀)ခန့်က ရိက္ခာများ သယ်ဆောင်လာပြီး အင်အားထပ်ဖြည့်ကာ ဘုန်းကြီးကျောင်းအတွင်း နေရာယူရန်ပြင်ဆင်နေသည်ဟု KNU ကဆိုသည်။

 

KNU ထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်း BGF တို့သွားလိုသည့် နေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က သွားခွင့်ပြုမည် မဟုတ်ဘဲ သတ်မှတ်နေရာသို့ ထပ်ကျော်လာပါက တိုက်ပွဲများဆက်ဖြစ်လာနိုင်သည့် အခြေအနေရှိသည်ဟု ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

လတ်တလောတွင် အကြမ်းဖက်စစ်အုပ်စုသွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှာ တဆက်တည်းရှိနေသည့် ရွာများဖြစ်သဖြင့် နှစ်ဘက်တပ်များ ပစ်ခတ်မှုဖြစ်ပါက ဒေသခံများ ထိခိုက်လာနိုင်သဖြင့် တစ်ချို့ရွာများမှာ ထွက်ပြေးတိမ်ရှောင်နေရပြီဖြစ်သည်ဟု KNU ကဆိုသည်။

 

မနေ့က ကမိုင်ကုန်းရွာအနီးနားသို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်အုပ်စုသည် အနီးရှိနေရာများသို့ လက်နက်ကြီးဖြင့် အချက် ၅၀ ထပ်မနည်း ပစ်ခတ်ခဲ့ပြီး ကမိုင်ကုန်း ဘုန်းကြီးကျောင်းတွင် ညအိပ် တပ်စွဲထားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် မနေ့က ကွင်းကလေး(ယွာဖိုး)တွင် ဖြစ်ခဲ့သည့် တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ BGFများပါဝင်ပူးပေါင်းခဲ့သည်ဟု KNU ကဆိုသည်။

 

KNU ထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်အုပ်စုမှ ထိုးစစ်ဆင်နေသည့် နေရာများတွင် BGF အင်အားစုများကို များစွာအသုံးပြုနေသည်ဟု KNU ကဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*