တိုက်ပွဲဖြစ်ပွားရာ မင်းတပ်သို့ စစ်ကားများဖြင့်အင်အားတိုးချဲ့

တိုက်ပွဲဖြစ်ပွားရာ မင်းတပ်သို့ စစ်ကားများဖြင့်အင်အားတိုးချဲ့

ဝေယံမိုး – မဇ္ဈိမ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ဘက်သို့ စစ်ကောင်စီတပ်သားများ စစ်ကားအကြီး ၁၄ စီးဖြင့် တပ်အင်အားတိုးချဲ့မှု ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့လယ်ပိုင်းတွင် ပြုလုပ်နေသည်။

“နေ့လည်ခင်း ၂ နာရီကျော်ကျော်အချိန်လောက်မှာ ယောချောင်း အုန်းတောတံတားကို ဖြတ်ပြီး မင်းတပ်ဖက်ကို သွားနေကြတာပါ။ တပ်မ ၁၀၁ ကစစ်သားတွေလို့သိရတယ်၊ ကျွန်တော်တို့ရေထားတာတော့ စစ်ခွေး ကား ၁၄ စီး အိမ်စီးကားတွေလဲပါတယ်” ဟုဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(CDF-Mindat) နှင့် စစ်ကောင်စီတပ်များသည် ရွှေတွင်းတူးရွာအနီးတွင် ယနေ့ နံနက်ကစ၍ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၁ နာရီကျော်အထိတိုက်ပွဲဖြစ်ပွားခဲ့သည်။

ဧပြီလ ၂၄ ရက်နေ့ တွင် “We Support NUG” ဟူသည့် စာတမ်းကပ် သပိတ်ပြုလုပ်သူများကို ဖမ်းဆီးရာ၊ အပြစ်မဲ့ပြည်သူများကို ပစ်ခတ်ရာမှစ၍ စစ်ကောင်စီတပ်များနှင့် CDF-မင်းတပ် တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။

ထိုနေ့မှစ၍ ဇွန်လ ၈ နေ့အထိ (၄၅ ရက်တာ) ကာလအတွင်း CDF မင်းတပ်သည် စစ်ကောင်စီတပ်နှင့် အကြိမ် (၂၀) ကျော် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကား ၆ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စကစ တပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့ကြောင်း CDF-Mindat အနေ့ဖြင့် တနင်္လာနေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း CDF-Mindat မှလည်း အာဏာရှင်အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ တိုင်းပြည်နှင့် လူမျိုးအတွက် စစ်မြေပြင်တွင် ရဲဘော်အာဇာနည် ၂၄ ဦး အသက်စွန့်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

မနေ့ကဇူလိုင်လ ၂၀ ရက်မှာလည်း ချင်းပြည်နယ် မင်းတပ်မြို့အတွက် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) မှ သယ်ဆောင်လာသော စစ်ဘေးရှောင်များအတွက် လှူဒါန်းသောပစ္စည်းများကို စစ်ကောင်စီက ခွင့်ပြုထားသော မြို့ပေါ် စစ်ရှောင်စခန်းများအတွက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ကျေးရွာမြို့နှင့် တောတွင်းစစ်ဘေးရှောင်များအတွက် ထောက်ပံ့မှုမပေးနိုင်ဖြစ်ခဲ့ရသည်။

ဧပြီနှောင်းပိုင်းကတည်းက စတင်ခဲ့သည့် စစ်အာဏာသိမ်းဆန့်ကျင်သော ချင်းလူထုနှင့်ဖွဲ့စည်းထားသည့်ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၁၅,၀၀၀ ကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ရသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*