ထီးလင်း၊ ဇီးတောကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များက တူမီးသေနတ်များ YDF-ထီးလင်း ထံအပ်နှံကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း

ထီးလင်း၊ ဇီးတောကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များက တူမီးသေနတ်များ YDF-ထီးလင်း ထံအပ်နှံကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဇီးတောကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့်သည် လက်လုပ် တူမီးသေနတ်များအား YDF-ထီးလင်း ထံ အပ်နှံပြီး အလင်းဝင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

“အလင်းဝင်တာက ပျူစောထီး ၃ဝ ခန့်ပေါ့။ ပျူစောထီးက သူတို့ ဘယ်လိုဖွဲ့စည်းထားလဲ ဆိုတာတော့ ကျွန်တော် မသိဘူး။ အခုဟာက ကျေးရွာတစ်ရွာက ဝင်တာဗျ ဇီးတောကျေးရွာမှာရှိတဲ့ ပျူစောထီးတွေက နေပြီးတော့ အလင်းဝင်တာ လက်နက်ချပြီးတော့ ပြည်သူနဲ့ ပူးပေါင်းမယ်လို့ ပြောတာပေါ့” ဟု YDF-ထီးလင်း ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

 

ဇီးတောကျေးရွာရှိ ပျူစောထီးအဖွဲ့များမှ အောက်တိုဘာလ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် လက်လုပ်သေနတ်(တူမီး) (၂၄)လက်၊ ထိန်တိုင်းကျေးရွာမှ လက်လုပ်သေနတ် (တူမီး) (၁)လက် ပေါင်း (၂၅)လက် ကို YDF-ထီးလင်းထံ ကြည်ဖြူစွာအပ်နှံကာ အလင်းဝင်ခဲ့​ကြပြီး ၎င်းအဖွဲ့များအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ပြည်သူနှင့်အတူ ပူပေါင်းပါဝင်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုကြောင်း YDF သတင်းရင်းမြစ်ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၀ ရက်နေ့တွင်လည်း ထီးလင်းရဲစခန်းမှ တူမီးသေနတ်များ သယ်ဆောင်လာသော ပျူစောထီးတပ်ဖွဲ့ဝင်များအား YDF-ထီးလင်း မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် ၁ ဦး သေဆုံးကာ တူမီးသေနတ် ၂၀ လက် ကို သိမ်းဆည်းရမိခဲ့သည်။

 

“အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျွန်တော်တို့က သူတို့ ပျူစောထီးတွေ ဖြတ်သန်းသွားလာတာကို သတင်းရလို့ ကြားဖြတ်တိုက်တာ၊ သူတို့ အဲလို တိုက်ခံရတာကို စစ်ကောင်စီကို လှမ်းပြီးတော့ တိုင်တာပေါ့။ ရဲကိုတိုင်တာပေါ့။ သူတို့အကြောင်းကြားလည်း စစ်ကောင်စီက သူတို့ကို အကာအကွယ်မပေးနိုင်ဘူး။ သူတို့ရွာကိုလည်း လာတာလည်းမရှိဘူး။ အဲတာကြောင့် စစ်ကောင်စီကို လုံးဝ အကြည်ညိုမဲ့သွားတဲ့ အနေအထားပေါ့။ အယုံအကြည်မဲ့သွားပြီးတော့ ဒီဒေသမှာ လုံခြုံရေးအတွက်ဆို PDF ကိုအားကိုးမယ် ပုံစံမျိုးနဲ့ ကျန်တော်တို့နဲ့ ပူးပေါင်းတာဗျ” ဟု YDF-ထီးလင်းပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

 

အဆိုပါ တူမီးသေနတ် စုစုပေါင်း ၄၅ လက်သည် ထီးလင်းမြို့နယ် စစ်ကောင်စီလက်အောက်ခံ ထီးလင်းမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက PDF များထံမှ သိမ်းဆည်းထားသော လက်နက်များ ဖြစ်ကြောင်း သိရသည်။

 

အောက်တိုဘာ ၇ ရက်နေ့တွင်လည်း ထီးလင်း-ဝါးရင်းချိုင် ကားလမ်းတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီအဖွဲ့အား YDF-ထီးလင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဲအရာရှိတစ်ဦးအပါအဝင် ၄ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း YDF-ထီးလင်းထံမှ သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*