ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာမကွေးအကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ပြီးခဲ့တဲ့ သီတင်းပတ်တွေတည်းက မိသားစုကကြားသိရပေမယ့် ဆေးကုသမှု အခြေအနေနဲ့ပတ်သက်ပြီး သိရတာမရှိဘူးလို့မိသားစုဝင်တွေက ပြောပါတယ်။

” တဆင့်ကြားရတာတော့ ဆေးဝါးကုသမှုခံယူနေရတယ်လို့သိရတယ်။ စိုးရိမ်ရတဲ့အခြေနေမရှိပါဘူး။ ကျွန်တော်တို့ကြားသိရသလောက်တော့ အကျဉ်းဦးစီးဌာနကတော့ ဘယ်နေရာမှာဆေးကုပေးနေတယ်ဆိုတာမသိရဘူး။ လက်ရှိမှာတော့ အကျဉ်းကျနေတဲ့နိုင်ငံရေးအကျဉ်းသားအားလုံး အပြင်နဲ့အဆက်သွယ်လုံးလုံးဖြတ်ထားတယ်။ အကျဉ်းဦးစီးက လူအားလုံးကိုလည်းအပြင်ထွက်ခွင့်မပေးတော့ဘူး။

အပြင်ကလူတွေကိုလည်း ထောင်ဝင်စာပို့ရုံကလွဲပြီးသွားခွင့်လာခွင့်မပေးတော့ဘူး။ နဂိုကလည်းတင်းကျပ်ပါတယ်။ အခုနောက်ပိုင်းကျတော့ ရောဂါကြောင့်ပိုပြီးတော့တင်းကျပ်တာပေါ့လေ” လို့ဒေါက်တာအောင်မိုးညိုရဲ့ ညီဖြစ်သူ ဦးအောင်သူညိုက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာတော့ မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မကွေးထောင်တွင်း အထူးတရားရုံးမှာ ပုဒ်မ ၅၀၅ (ခ)နဲ့ အလုပ်ကြမ်းနဲ့ထောင် ၂နှစ်ချမှတ်ထားပြီး ဒေါက်တာအောင်မိုးညိုရဲ့ရှေ့နေက အယူခံတက်ဖို့ပြင်ဆင်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဒေါက်တာအောင်မိုးညိုကို သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ထပ်တိုးတရားစွဲဆိုထားတဲ့အပြင် အဂတိလိုက်စားမှုနဲ့ပါထပ်မံစွဲဆိုထားပါတယ်။ မကွေးအကျဉ်းထောင်ထဲမှာတော့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပြင် လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး၊ ဝန်ကြီးချုပ်ရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့ ဦးအောင်ဝင်းတို့ကိုထိန်းသိမ်းထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ- ဒေါက်တာအောင်မိုးညို ဖေ့ဘွတ့်ခ်

Be the first to comment

Leave a Reply

Your email address will not be published.


*