ဒလန်များကို ဆုကြေးငွေ ကျပ် ၅သိန်းမှစ၍ ချီးမြှင့်မည်ဟု စစ်ကောင်စီ ကြေညာ

ဒလန်များကို ဆုကြေးငွေ ကျပ် ၅ သိန်းမှစ၍ ချီးမြှင့်မည်ဟု စစ်ကောင်စီ ကြေညာ

 

 

မဇ္ဈိမ

 

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများအား ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေအနည်းဆုံး ငွေကျပ်ငါးသိန်းမှစ၍ အများဆုံးပမာဏကို ကန့်သတ်မထားဘဲ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

 

ပေးပို့လာသည့် သတင်းများအရ ဖော်ထုတ်ရရှိမှုအပေါ်မူတည်၍ ဆုကြေးငွေကို လျှို့ဝှက်စွာ ချီးမြှင့်သွား မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

 

သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေ ချီးမြှင့်ပေးရန် စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညား အောင်မိုးနဲ့ ဦးရွှေကြိမ်းတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တင်ပြေတောင်းဆိုခဲ့ပြီးနောက် ခုလို ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ယင်းလက်အောက်ခံ PDF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပျားစေရန်နှင့် ပြည်သူထုအပေါ် အကြောက်တရားပေးပြီးမှ ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်မှုများနေ့စဉ် လုပ်ဆောင်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း PDF တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ကြရန်နှင့် NUG အစိုးရကို မထောက်ခံကြရန် မြို့နယ်တချို့ရှိ ဓာတ်တိုင်များတွင် စာကပ်လှုံဆော်ခဲ့ပြီး ရပ်ကွက်အတွင်း ကားများဖြင့်လည်း လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

ဓာတ်ပုံ- (စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြနေကြသည့် လူငယ်များ)

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*