ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် KNDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် KNDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

မဇ္ဈိမ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ထီးဖိုးကလိုး ကျေးရွာအနီးတဝိုက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား ဩဂုတ် ၁၃ ရက် ညနေ ၆ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNDF တို့အကြား နှစ်ဘက်ထိပ်တိုက်တွေ့ပြီး ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

“ဒီနေ့တိုက်ပွဲဖြစ်တာရှိတယ်။ ဒီနေ့ ၆ နာရီလောက်မှာ၊ ဒါပေမဲ့ မြေပြင်အခြေအနေလည်း အဆက်အသွယ်မရသေးတော့ အကုန်လုံး ပြောလို့မရသေးဘူး” ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ နှစ်ဘက်ထိခိုက်မှုနှင့် တိုက်ပွဲအသေးစိတ်ကို လက်ရှိအချိန်တွင် မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ် ဒီးမော့ဆို၊ ဖရှုဆို၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ကနီဒေသများတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဖရူဆိုမြို့နယ် ထေးကလူဒေါကျေးရွာအနီးတွင် ဩဂုတ် ၁၂ ရက် မနက်ပိုင်းကလည်း စစ်အင်အား ဖြည့်တင်းရန်အတွက် လမ်းကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်နီတပ်မတော် (KA) နှင့် ဒေသကာကွယ်ရေးတပ် (KNDF) တို့ ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

ယင်းပစ်ခတ်မှုအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

“စစ်ကောင်စီကို ကျွန်တော်တို့ တိုက်တဲ့နေရာမှာ လူထုနဲ့ ဝေးတဲ့နေရာတွေကို တတ်နိုင်သလောက် ရှောင်ပြီးတိုက်နေရတာ။ တစ်ခါတစ်လေမှာတော့ တိုက်ပွဲရဲ့ အနေအထားအရ ရွာတွေနဲ့ နီးတဲ့ နေရာတွေမှာလည်း ဖြစ်လာနိုင်တယ်။ အဲဒီလိုအချိန်တွေမှာ လူထုတွေကလည်း မစိုးရိမ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် သတင်းအမှန်တွေပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

စစ်ရေးတင်းမာနေသည့် ကရင်နီဒေသတွင် တိုက်ပွဲကြောင့် သောင်းနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာ တောတောင်များတွင် ထွက်ပြေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်နေသူများက ပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*