‘နိုင်ငံရေးဓားစာခံ’ အဖြစ် စစ်ခေါင်းဆောင်က အာဃာတဖြင့် ဖမ်းဆီးခဲ့သူများ

‘နိုင်ငံရေးဓားစာခံ’ အဖြစ် စစ်ခေါင်းဆောင်က အာဃာတဖြင့် ဖမ်းဆီးခဲ့သူများ

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ခံအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ မိုးမသောက်မီအချိန်တွင် တိုင်းပြည်အမှောင်ခေတ်သို့ ပြန်ရောက်တော့မည်ဟူသော အတွေးဖြင့် မြန်မာပြည်သူများ နိုးထလာခဲ့ရသည်။ 

အချို့အတွက်မူ ထိုအမှောင်ထုက အိမ်ရှေ့တံခါးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီး လွတ်လပ်မှုတို့ ခွာချွတ်ခံခဲ့ရသည်။ တပ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ်ကာလတလျှောက် ၎င်းကို ဝေဖန်ခဲ့သည့် တက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်အများအပြားကို အာဏာသိမ်းသည့် မနက်အစောပိုင်းတွင်ပင်  နိုင်ငံရေးခေါင်းဆောင်များနည်းတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

အာဏာသိမ်းမှုကို လူထုက မတုံ့ပြန်နိုင်သေးမီ  တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင်များ၊ ရုပ်ရှင်၊ စာပေနှင့် ဂီတအသိုင်းအဝိုင်းမှ ထင်ရှားသူတချို့၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ စစ်တပ်ဝေဖန်သူ သံဃာတော်အချို့သည် အာဃာတအငြိုးအတေးဖြင့် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရသည်။ 

အာဏာသိမ်းဆန့်ကျင်ကြောင်း သိန်းသန်းချီလမ်းပေါ်ထွက် ဆန္ဒပြသသည့် လူထုကြားတွင် ထိုသူတို့  ရှိမနေနိုင်တော့ပေ။ တစ်တိုင်းပြည်လုံး မြည်ဟိန်းထွက်လာမည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကို ထိုသူတို့ သံပြိုင်မဟစ်ကြွေးနိုင်တော့ပေ။ 

၎င်းတို့အနက် အချို့မှာ အာဏာမသိမ်းမီကာလကတည်းက တပ်ကိုဝေဖန်မှုဖြင့် မကြာခဏ ပုဒ်မတပ်ဖမ်းဆီးတရားစွဲခံရသူများလည်း ပါဝင်သည်။ 

ထို့သို့ အငြိုးအတေးဖြင့် ဖမ်းဆီးပြီးနောက်တွင်လည်း ၎င်းတို့ကို ကျိုးကြောင်းဆီလျော်ခြင်းမရှိသည့် ပုဒ်မများတပ်ကာ  ဆက်လက်ထိန်းသိမ်းထားသကဲ့သို့ အချို့မှာ အမှုဖွင့်ခံရခြင်း ရှိမရှိကိုပင် ကွဲကွဲပြားပြား မသိရပေ။

တပ်ခေါင်းဆောင်နှုတ်မှ တဖွဖွ ပြောလေ့ရှိသကဲ့သို့ တိုင်းပြည်အာဏာကို မဲမသမာမှုကြောင့် ‘ထိန်းသိမ်း’ သည် ဆိုသည်ထက် ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းခြင်းဖြစ်ကြောင်း ထိုလုပ်ရပ်က သက်သေအခိုင်အမာထူနိုင်သည်။ 

၂၀၁၄ က အီးမေးလ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင်ပင် စစ်တပ်က ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့သည်။ အစ္စလာမ်ဘာသာဝင် ဦးမြအေးမှာ  မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတွင် အာဏာရှင်စနစ်ကို စိန်ခေါ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံနှင့် တွဲဖက်ရှုမြင်ခံရသူ၊  ဘာသာပေါင်းစုံငြိမ်းချမ်းရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းနယ်ပယ်တွင်  ဦးဆောင်ဦးရွက်ပြုသူ ဖြစ်သည်။ 

အသက် ၅၄ နှစ်အရွယ် ဦးမြအေး အင်းစိန်ထောင်တွင် ရောက်နေပြီး စစ်အုပ်စုက  ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ) ဖြင့်  မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် တရားစွဲထားကြောင်းကို မိသားစုက မတ်လလယ်ပိုင်းတွင် ရှေ့နေထံမှ  သိရသည်။ 

လူမျိုးတစ်မျိုးကိုဖြစ်စေ လူတစ်စုကိုဖြစ်စေ အထင်အမြင်လွဲမှားအောင် လှုံ့ဆော်သည်ဟူသော ၅၀၅ (ဂ) ပါ စွပ်စွဲချက်မှာ ဦးမြအေး၏ ဖုန်းအတွင်း အချက်အလက်များကို ရှာဖွေစစ်ဆေးပြီး လွန်ခဲ့သော ၇ နှစ်ခန့်က အီးမေးတစ်စောင်အပေါ် အခြေခံကာ ပုဒ်မတပ်ထားခြင်းဖြစ်သည်။ 

၂၀၁၄ နိုဝင်ဘာလက တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ထောက်လှမ်းရေးတစ်ဦးထံသို့ မြန်မာပြည်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ အီးမေးရေးသားပေးပို့ခဲ့သည်ဟု စွပ်စွဲတိုင်တန်းချက်တွင် ဆိုထားသည်။ 

၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ဦးဆောင်သည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် တိုင်းရင်းသားရေးရာဌာနတာဝန်ခံအဖြစ် ဆောင်ရွက်နေသည့် ထိုအချိန်ကာလအတွင်း တရုတ်- မြန်မာချစ်ကြည်ရေးအသင်းက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိစ္စအတွက် တရားဝင်ဖိတ်ကြားသဖြင့် ဦးမြအေးက သွားရောက်ရခြင်း၊ စကားပြောဆွေးနွေးရခြင်းများရှိကြောင်း ၎င်း၏ ရှေ့နေဖြစ်သူ ဦးသက်နောင်က Myanmar Now ကို ပြောသည်။

“အဲဒီအချိန်မှာ ပြောခဲ့တာ လုပ်ခဲ့တာဟာလည်း နိုင်ငံတော်ရဲ့ ကောင်းကျိုးအတွက်ပဲ။ ကိုမြအေးက ၂၀၁၄ တုန်းက အီးမေးတွေသုံးပြီး ပြောခဲ့လို့၊ ပြုလုပ်ခဲ့လို့ ဘယ်တိုင်းရင်းသားလူမျိုးစုကြားမှာ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးကြားမှာ၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံကြားမှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့တာမှ မရှိတာ” ဟု ရှေ့နေက ပြောသည်။

ဤဖြစ်ရပ်က ဦးမြအေးအပေါ် ထားရှိသည့် စစ်အုပ်စု၏ ရန်ငြိုးအာဃာတကို ခန့်မှန်းနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က Myanmar Now ကို ပြောသည်။

“သူတို့ (စစ်အုပ်စု) က ရန်၊ ငါ ပြတ်တယ်။ သူတို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကို ရန်သူလို့ သတ်မှတ်ထားတာ။ သူတို့မှာ အာဃာတတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

ရှစ်လေးလုံး လူထုလှုပ်ရှားမှုကာလတွင် ဦးမြအေးသည် ကျူရှင်ဆရာတစ်ဦးဖြစ်ပြီး ‘ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့်ကျောင်းသားဟောင်းများအဖွဲ့’ အမည်ဖြင့် နိုင်ငံရေးပါတီတည်ထောင်ခဲ့သည်။

“ကျွန်တော်တို့က ကျောင်းသားသမဂ္ဂခေါင်းဆောင်။ သူက ပါတီခေါင်းဆောင်။ ဒါပေမဲ့ သူ့ပါတီရုံးခန်းမှာပဲ ကျွန်တော်တို့က အစည်းအဝေးတွေ လုပ်ကြတယ်။ အဲဒီခေတ် အဲဒီအခါမှာလည်း အခုလိုမျိုးရုံးခန်းတွေ မရှိဘူး။ မရှိတော့ သူတို့ပါတီရုံးမှာက တကယ့်သူပုန်ဌာနချုပ်ပေါ့လေ” ဟု ဦးထွန်းကြည်က ပြောသည်။ ​

ဦးမြအေးသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ယခင်စစ်အာဏာရှင်လက်ထက် ၁၉၈၉ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင်လည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသူဖြစ်သည်။

ရွေးကောက်ပွဲကိစ္စ အကြောင်းပြု၍ အာဏာသိမ်းနိုင်သည်ဟူသော တပ်၏ ပြောဆိုမှုမှာ စစ်အာဏာရှင်ဒဏ် ခံရဖူးသည့် ပြည်သူများကို “အထိတ်တလန့် ဖြစ်အောင်” လုပ်ခြင်းဟု ဦးမြအေးက အာဏာမသိမ်းမီ ရက်ပိုင်းအလိုက အွန်လိုင်းတွင်ပြုလုပ်သည့် နိုင်ငံရေးသမား ဦးနေယံဦး၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့နှင့်  နိုင်ငံရေးစကားဝိုင်းတစ်ခုတွင် မှတ်ချက်ပြုခဲ့သည်။​

“ရွေးကောက်ပွဲကော်မရှင်နဲ့ မကျေလည်တဲ့ကိစ္စကို ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ ပြောရ ဆိုရ ရှင်းရမယ့်ကိစ္စလို့ ကျွန်တော်နားလည်တယ်” ဟု ဦးမြအေးက  ထိုစကား၀ိုင်းတွင် ထောက်ပြခဲ့သည်။

“အာဏာသိမ်းရင် မကောင်းဘူးပေါ့ဗျာ၊ တိုင်းပြည်ဘယ်လိုလုပ် ကောင်းနိုင်မလဲဗျာ။ ကမ္ဘာ့အလယ်မှာလည်း မျက်နှာငယ်မယ်။ တပ်မတော်လည်း မနိုင်ဘူး၊ ရှုံးလိမ့်မယ်၊ ကျွန်တော်မြင်တာက၊ ပြည်သူလည်း ရှုံးမယ်၊ အနိုင်ရပါတီလည်း ရှုံးမယ်၊ တပ်မတော်လည်း ရှုံးမယ်၊ အဲထဲမှာ အရှုံးဆုံးကတော့ ပြည်သူဖြစ်တယ်ဗျ၊ ဒီအခြေအနေကြီးကိုတော့ ကျွန်တော်တို့က ဘယ်လိုမှ လက်သင့်ခံလို့ မရဘူး”   

အင်းစိန်ထောင်ရောက် ဦးမြအေးမှာ ဇူလိုင်နှောင်းပိုင်းတွင် တစ်ကြိမ် သာမန်ဖျားနာခဲ့သည်မှလွဲ၍ ကျန်းမာရေးကောင်းမွန်သည်ဟု ကြားသိရကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။ 

တပ်ဆန့်ကျင်သည့် လူ့အခွင့်အရေး ရုပ်ရှင်ဒါရိုက်တာ 

စစ်တပ်က အာဏာသိမ်းပြီးနောက် အလျင်အမြန် ဦးတည် ဖမ်းဆီးခဲ့သူများတွင် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အသက် ၅၉ နှစ်အရွယ် မင်းထင်ကိုကိုကြီးလည်း ပါဝင်သည်။ 

စစ်တပ်၏၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း‌ရေး၊ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဘာသာရေးအကြောင်းပြ၍ နိုင်ငံရေးတွင် သွေးထိုးလှုံ့ဆော်နေသည့် မဘသ အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို  အမာခံ ထောက်ခံသူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက လူမှုကွန်ရက်စာမျက်နှာတွင် တစိုက်မတ်မတ် ဝေဖန်ပြောဆိုလေ့ရှိသည်။ 

၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိလျှင် သည်းညည်းမခံတတ်သည့် စစ်တပ်က မင်းထင်ကိုကိုကြီးသည် တပ်မတော်ကို ရုန့်ရင်းသော အသုံးအနှုန်းများဖြင့် ခိုင်းနှိုင်းဝေဖန်သည်ဟု စွပ်စွဲကာ တပ်မတော်အကျိုးပျက်စီးစေရန် လှုံ့ဆော်မှု ၅၀၅ (က) ဖြင့် NLD အစိုးရလက်ထက် ၂၀၁၉ တွင် တရားစွဲရာ တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။ 

ထိုစဉ်က ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှာ အသည်းကင်ဆာ ရောဂါ ပြင်းထန်စွာ ခံစားနေရကြောင်း ဆေးမှတ်တမ်း အထောက်အထားများဖြင့် အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက အာမခံပေး၍ မရသော အမှုဖြစ်၍ဆိုကာ ပယ်ချခဲ့သည်။  

၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခဲ့သည့် အကြောင်းအရာများသည် စစ်ဗိုလ်ချုပ်များအတွက် “ခြေဖဝါးအောက်က ဆူးတစ်ချောင်း” သဖွယ် ဖြစ်နေခဲ့ပုံပေါ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်း၏  လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဆိုသည်။ 

လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဦးဆောင်ကျင်းပသူ၊ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ တည်ထောင်သူနှင့် ရုပ်ရုပ်ပညာရပ် သင်ကြားသူ  မင်းထင်ကိုကိုကြီးသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများကို စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးလာခဲ့သူ ဖြစ်သည်။

စစ်အာဏာရှင်တို့ ထုံးစံအတိုင်း ၎င်းတို့ကိုဝေဖန်သည့် ရုပ်ရှင်အနုပညာများကို နိုင်ငံအတွင်း ဆင်ဆာပိတ်လေ့ရှိရာ မင်းထင်ကိုကိုကြီး၏ လက်ရာအများစုသည် နိုင်ငံတကာစင်မြင့်တွင် နေရာရယူနိုင်သော်လည်း နိုင်ငံအတွင်း ယင်းအချိန်ကာလများက ပြသခွင့် မရခဲ့ပေ။ 

သူ၏ အစောပိုင်းလက်ရာများအနက် ထိုင်းနိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသည့် လူနည်းစုတိုင်းရင်းသားမျိုးနွယ် ပဒေါင်လူမျိုးများအကြောင်း ရိုက်ကူးထားသည့် မနုဿလှောင်ချိုင့် “Human Zoo”၊ အင်းလေးဒေသမှ ခရမ်းချဉ်သီးစိုက်ပျိုးရေးနှင့် ဂေဟစနစ်ပျက်စီးမှုအကြောင်း ရိုက်ကူးထားသည့် အင်းသီး “The Floating Tomatoes” မှတ်တမ်းရုပ်ရှင်များမှာ ထင်ရှားသည်။ 

၂၀၁၀ နောက်ပိုင်းတွင် လူရွှင်တော် ဇာဂနာ ဟု ထင်ရှားသည့် ဒါရိုက်တာမောင်သူရနှင့်အတူ The Art of Freedom ရုပ်ရှင်ပွဲတော်ကို ရန်ကုန်တွင် စီစဉ်ကျင်းပခဲ့ပြီး ၎င်း၏ လက်ရာများကို မြန်မာပရိသတ်က ကြည့်ရှုခွင့် ရလာသည်။ 

ထို့နောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို ဆက်လက်စီစဉ်သည့်အပြင် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လုပ်သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကျောင်းကို ထူထောင်ခဲ့သည်။ 

“လူ့အခွင့်အရေး” ဆိုသည့် စကားလုံးကို ထင်ထင်ပေါ်ပေါ်ဖွင့်ဟပြောဆိုရုံဖြင့် နှစ်ရှည်ထောင်ကျနိုင်သည့် အချိန်အခါကတည်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် “လူ့ဂုဏ်သိက္ခာ” ဆိုသည်၏ အနှစ်သာရနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များကို မြန်မာပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို စီစဉ်ခဲ့ကြောင်း ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ လုပ်ဖော်ကိုင်ဖက်က ဆိုသည်။

လူငယ်ရုပ်ရှင်ဖန်တီးသူတွေအပေါ် သူ လမ်းပြမြှင့်တင်ပေးခဲ့တဲ့ စံနမူနာစိတ်ဓာတ် သူတို့ရဲ့ အနုပညာအပေါ် စိတ်အားထက်သန်မှုနဲ့ စေ့ဆော်မှုမျိုးတွေကိုတော့ အချုပ်ချထားနိုင်မှာ မဟုတ်သလို တိတ်ဆိတ်သွားအောင်လည်း လုပ်နိုင်မှာ မဟုတ်ပါဘူး

ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ သွန်သင်မြှင့်တင်ပေးမှုကြောင့် လူငယ်ရုပ်ရှင်ဒါရိုက်တာများစွာ ပေါ်ထွန်းလာခဲ့ပြီး ၎င်းတို့သည်လည်း မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အရေးကိစ္စများကို ၎င်းတို့၏ အနုပညာတွင် ထည့်သွင်းပုံဖော်ရန် လက်မနှေးသူများအဖြစ် ရပ်တည်နေကြပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကိုမင်းထင်လိုမျိုး (စစ်တပ်) အပေါ် မကြောက်မရွံ့ ဝေဖန်ရဲတဲ့ လူတစ်စုကို အာဏာသိမ်းတဲ့နေ့ မနက်စောစောမှာ ဖမ်းချုပ်လိုက်ရင် သူတို့ကြောက်တဲ့ ပြဿနာတချို့ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ တွေးခဲ့ကြပုံပေါ်တယ်” ဟု ၎င်းက ပြောသည်။ 

လူ့အခွင့်အရေး မြှင့်တင်သူ ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ လူ့အခွင့်အရေးကို ပြောင်ကျကျ ချိုးဖောက်သည့် စစ်အာဏာရှင်၏ အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ သူ၏ လုပ်ဖော်ကိုင်ဘက် ဇာဂနာကိုလည်း စစ်ကောင်စီက ထိုထောင်တွင်ပင် ထိန်းသိမ်းထားသည်။

“အနုပညာရှင် မင်းထင်ကိုကိုကြီး ဆိုတဲ့သူကို ဖက်ဆစ်စစ်တပ်က အောင်မြင်စွာဖမ်းချုပ်ထားနိုင်ကောင်း ထားနိုင်ပေမယ့် လူငယ်ရုပ်ရှင်ဖန်တီးသူတွေအပေါ် သူ လမ်းပြမြှင့်တင်ပေးခဲ့တဲ့ စံနမူနာစိတ်ဓာတ်၊ သူတို့ရဲ့ အနုပညာအပေါ် စိတ်အားထက်သန်မှုနဲ့ စေ့ဆော်မှုမျိုးတွေကိုတော့ အချုပ်ချထားနိုင်မှာ မဟုတ်သလို တိတ်ဆိတ်သွားအောင်လည်း လုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု ယင်းလုပ်ဖော်ကိုင်ဖက်က ပြောသည်။

တပ်နှင့် ခြေဥကို ဝေဖန်သည့် စာရေးဆရာ 

ဖေဖော်ဝါရီ ၁  စစ်အာဏာသိမ်းသည့်နေ့ နံနက်အစောပိုင်း နေအိမ်၌ လာရောက်ဖမ်းဆီးသူများ စောင့်ဆိုင်းနေချိန်တွင် အသက် ၅၄ နှစ်အရွယ် စာရေးဆရာထင်လင်းဦးက  Facebook လူမှုကွန်ရက်ပေါ်တွင် ရုပ်သံ ၉ မိနစ်ကြာ တိုက်ရိုက် ထုတ်လွှင့်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြောသွားခဲ့သည်။

စစ်အာဏာသိမ်းသည့် လုပ်ရပ်သည် နိုင်ငံ၏ အနာဂတ်ကို အညွန့်ချိုးပြီး ဒီမိုကရေစီကို သင်းသတ်ခြင်းဖြစ်ကြောင်း၊ စစ်တပ်က အာဏာသိမ်းလိုက်တိုင်း နိုင်ငံက ဆယ်စုနှစ်နှင့်ချီ၍ အစစအရာရာနိမ့်ကျသွားကြောင်း ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှု ဖြစ်စဉ်များကို ကိုးကား၍ ပြောသည်။

“တပ်မတော်ကို ဆန့်ကျင်တာမဟုတ်ပါဘူး။ အာဏာသိမ်းတဲ့ အစုအဖွဲ့နဲ့ ခေါင်းဆောင်တွေကိုသာ ဆန့်ကျင်ခြင်းဖြစ်တယ်။ အဲဒီတော့ ပြည်သူ့အချုပ်အခြာအာဏာ ပြည်သူ့လက်ထဲမှာ ပြန်ရရှိဖို့အတွက် ကျွန်တော်တို့ပြည်သူအားလုံး တခဲနက် တိုက်ပွဲဝင်ကြမယ်။ ကျွန်တော်တို့ ရင်ဆိုင်ကြမယ်” ဟု အဆိုပါ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုအဆုံးတွင် ဦးထင်လင်းဦးက ဆိုခဲ့သည်။

စစ်ကောင်စီက ဦးထင်လင်းဦးသည် ပြည်သူတို့ ထိတ်လန့်စေရန်  မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် လှုံ့ဆော် ဖြန့်ဝေခဲ့သည်ဟု စွပ်စွဲပြီး အာဏာသိမ်းပြီးနောက် ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် မတ်လတွင် တရားစွဲတင်သည်။ 

ဖမ်းဆီးမခံရမီအချိန် လွှင့်ခဲ့သည့် ရုပ်သံကို သက်သေအဖြစ် စစ်အုပ်စုက အသုံးပြုခဲ့သည်။ ယင်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အာဃာတဖြင့် ဖမ်းဆီးပြီးမှ ပုဒ်မတပ် တရားစွဲဆိုကြောင်း ထင်ရှားသည်။ 

စာရေးဆရာ ထင်လင်းဦးသည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စစ်ခေါင်းဆောင်များကို တဲ့တိုးဝေဖန်နေခဲ့သူတစ်ဦး ဖြစ်သည်။ နိုင်ငံရေးအခင်းအကျင်းတွင် စစ်တပ်သည် ဘာသာရေးကို အသုံးချ၍ လူထုကြားအမုန်းတရားများ အရှိန်မြင့်အောင် လုပ်ဆောင်နေကြောင်း ၂၀၁၄ အောက်တိုဘာတွင် မကွေးတိုင်း ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ၌ ပြုလုပ်သည့် စာပေဟောပြောပွဲတစ်ခုတွင် ဝေဖန်ခဲ့သည်။

စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရနေသည့် ထိုအချိန်သည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)နှင့် ဦးဝီရသူတို့ဦးဆောင်သည့် အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှု အားကောင်းနေသည့်နှစ်ကာလများလည်း ဖြစ်သည်။ 

အဆိုပါ ဟောပြောမှုကြောင့် ၎င်းကို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပုဒ်မ ၂၉၅(က) ဘာသာ-သာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၈ ဘာသာ-သာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့ဖြင့် တရားစွဲခဲ့သည်။ ထိုအမှုအတွက်  ဒီဇင်ဘာတွင် ဦးထင်လင်းဦး တရားရုံးချိန်းသို့ ရောက်သွားစဥ် ဖမ်းဆီးခံရသည်။

ဦးထင်လင်းဦး ထောင်ထဲတွင် ၂ နှစ် နေအပြီး ၂၀၁၉ ခုနှစ်အတွင်း အခြေခံဥပ‌ဒေပြင်ဆင်ရေး ဟောပြောပွဲများတွင် နိုင်ငံအနှံ့ မြို့ကြီးများ၌ ဦးဆောင်ဟောပြောခဲ့သလို NLD အာဘော် အပတ်စဉ်ထုတ် ‘ဒီလမ်း’ ဂျာနယ်ကို စတင်ထုတ်ဝေပြီး ထုတ်ဝေသူနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။ 

“နဂိုကတည်းက အစီအစဉ်ရှိလို့။ ပြောနိုင်ဆိုနိုင်တဲ့သူပေါ့၊ သူ (ဦးထင်လင်းဦး) တို့ ပြောလိုက်တဲ့စကားက နောက်မှာပြည်သူတွေပါလာနိုင်တယ်ဆိုတဲ့သူတွေကို ကောက်ထည့်လိုက်တယ်လို့ ထင်တာပေါ့” ဟု ဒေါ်စောစန္ဒာက Myanmar Now ကို ပြောသည်။

“အခုဖြစ်စဉ်က မတရားဘူးဆိုတာသိတယ်။ ဒါပေမဲ့ ကျွန်မတို့ ရင်ဆိုင်ဖို့ သတ္တိရှိပြီးသား ဘာမှ မကြောက်ဘူး။ ကျွန်မတို့ မဟုတ်တာလည်း ဘာမှမလုပ်ထားဘူး။ အဓိကကိုယ့်လူတွေ ကျန်းကျန်းမာမာနဲ့ရှိဖို့။ အခုကိုဗစ်ကလည်း ဖြစ်နေပြီဆိုတော့ အထဲမှာ ကိုဗစ်ကလည်း တော်တော်ဖြစ်နေပြီလို့ကြားတယ်၊ အဲဒါအတွက်ပဲ ကျွန်မတို့စိတ်ပူတယ်”   

မဘသကို ဖျက်သိမ်းပြီး ဦးဝီရသူကို အကျဉ်းချခဲ့သူ 

တပ်မတော်တွင် သူရဘွဲ့ ရခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သလို ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တပ်မတော်ပြုပြင်ပြောင်းလဲရေး အသံကျယ်ကျယ်ထွက်ခဲ့သူ၊ အမျိုးသားရေးအမည်ခံများကို နှိပ်ကွပ်သူ ၇၃ နှစ်အရွယ် သူရဦးအောင်ကိုသည်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းကြောင်း မကြေညာမီကပင် အဖမ်းခံရသည်။ 

ဦးအောင်ကိုသည် နောက်တစ်လကျော်အကြာ မတ် ၅ တွင် ထောင် ၁၅နှစ်အထိချခံရနိုင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ဖြင့် အမှုဖွင့်ခံရသည်။ NLD အစိုးရလက်ထက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ သူရဦးအောင်ကိုသည် သာသနာ့နုဂ္ဂဟ ဘွဲ့တံဆိပ် နှစ်စဉ်ချီးမြှင့်ရာတွင် အဂတိ လိုက်စားခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲသည်။

သူရဦးအောင်ကိုသည် သာသနာရေးဆိုင်များကို NLD အစိုးရလက်ထက်တွင်မှ တာဝန်ယူဖူးသူမဟုတ်ပေ။ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ရာထူးအမွေမရမီ ၂၀၁၀ မတိုင်မီ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရခေတ်တွင်လည်း   သာသနာရေး ဒုဝန်ကြီးအဖြစ် ၎င်းက တာဝန်ယူဖူးသည်။

ယင်းနောက် ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲမှတစ်ဆင့် တက်လာသောအစိုးရဖြင့် တိုင်းပြည် အုပ်ချုပ်သည့်စနစ်ကို ပြောင်းလဲချိန် ၂၀၁၁ တွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း သူရဦးအောင်ကိုသည် ထင်ရှားစွာ ပါဝင်ခွင့်ရခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရသူ သူရဦးအောင်ကိုသည် လွှတ်တော်၏ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌဖြစ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရ အဖွဲ့ (၂၀၁၁-၁၅) ၏ အုပ်ချုပ်ရေးစွမ်းဆောင်ရည်များကို ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်)ဘက်မှရပ်၍ ဝေဖန်၊ ထောက်ပြသည့် သူရဦးအောင်ကို၏ လုပ်ရပ်များမှာ ထင်ရှားခဲ့သည်။

ပြည်ခိုင်ဖြိုး၏ အဓိကပြိုင်ဘက် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ရေး တားဆီးကန့်သတ်ထားသည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ယာယီဆိုင်းငံ့ရန်အထိပင် လွှတ်တော်အမတ်ဖြစ်နေသည့် ကာလအတွင်း သူရဦးအောင်ကိုက အများသိ ထုတ်ဖော်ပြောဆိုဖူးသည်။ 

ထို့ကြောင့် ပါတီမထောင်ခင် ပြည်ခိုင်ဖြိုးအသင်းအဖြစ်  နှစ် ၂၀ နီးပါး ရပ်တည်စဉ်က ထဲထဲဝင်ဝင်ပတ်သက်ခဲ့သူ သူရဦးအောင်ကိုမှာ ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပယ်ခြင်းကို ခံလိုက်ရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု၍ မူလနေရာ၌ပင် ဝင်ပြိုင်သော်လည်း အရေးနိမ့်ခဲ့သည့်​ သူရဦးအောင်ကိုသည်  NLD က ယင်း၏အစိုးရအဖွဲ့တွင် သာသနာရေးဝန်ကြီး တာဝန်ပေးသဖြင့် နိုင်ငံရေးစင်မြင့်ထက်သို့ တဖန်ပြန်ရောက်လာသည်။

ယင်းနောက် စစ်တပ်ထောက်ခံပြီး ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းစကားများ၊ လုပ်ရပ်များ အဓိကဖြန့်ဖြူးဆောင်ရွက်နေသော မဘသအဖွဲ့ကို ဖျက်သိမ်းရာတွင် သူရဦးအောင်ကိုက အဓိကကျသည့် နေရာမှ ပါဝင်ခဲ့သည်။

သံဃာချင်းစိတ်ဝမ်းကွဲမှုမဖြစ်စေရန်နှင့် နိုင်ငံရေးထိုးနှက်ချက်များကို တားဆီးရန် မဘသအဖွဲ့ကို ဓမ္မစက်၊ အာဏာစက်ဖြင့် ကိုင်တွယ်ထိန်းကျောင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့်ပေါင်း၍ အစွန်း ရောက်လှုပ်ရှားမှုများ ပြုလုပ်ရန် အသွင်ဆောင်နေသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကိုလည်း စောင့်ကြည့်နေကြောင်း ၂၀၂၀ နှစ်ကုန်ပိုင်းတွင် သူရဦးအောင်ကိုက Myanmar Now ကို ပြောခဲ့သည်။

ကမ္ဘာ့စာမျက်နှာ၌ ဗုဒ္ဓဘာသာအကြမ်းဖက်သမားအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားပြီး စစ်တပ်ကို ဘုရားလို ကိုးကွယ်ရန် ဟောပြောလေ့ရှိသည့် ဦးဝီရသူသည်လည်း သူရဦးအောင်ကို သာသနာရေး ဝန်ကြီးဖြစ်နေချိန် ၂၀၂၀ နိုဝင်ဘာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-က ဖြင့် ထောင်သွင်း အကျဉ်းချခံရသည်။

ဦးဝီရသူကို ဝရမ်းထုတ်ထားသော်လည်း ဖမ်းမမိခဲ့ခြင်းမှာ ပြည်ထဲရေးသည် အရပ်သား အစိုးရအောက်တွင် မရှိသည်ကို သက်သေပြသကဲ့သို့ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောမိ၍ သူရဦးအောင်ကိုကို အရေးယူပေးရန် စစ်တပ်က ၂၀၂၀ ဖေဖော်ဝါရီလဆန်းပိုင်းတွင် NLD အစိုးရထံ တောင်းဆိုဖူးသလို အမျိုးသားရေးသမားဟု ဆိုသူများ၏ ဆန္ဒပြမှုကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည်။

၀န်ကြီးကိုအရေးယူပေးရန် တောင်းဆိုမှုကို လစ်လျူရှုခဲ့သည့် NLD အစိုးရ ဖြုတ်ချအာဏာသိမ်းခံရချိန်တွင်တော့ စစ်တပ်က ဦးဆုံး ဖမ်းဆီးအရေးယူသူများအနက် သူရဦးအောင်ကို ပါဝင်သွားခဲ့သည်။ 

ယခုမူ ၁၉၈၈ နောက်ပိုင်း ခေတ်အဆက်ဆက်တွင် အစိုးရနှင့် လွှတ်တော် ထိပ်တန်းရာထူးတာဝန်များ ယူခဲ့သူ သူရ ဦးအောင်ကိုမှာ စစ်ကောင်စီ၏ အကျဉ်းသားအဖြစ် ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်ရှိနေကြောင်း ပင်စင်စား ထောင်ဝန်ထမ်းတစ်ဦးကို ကိုးကား၍ New York Times သတင်းစာက ရေးသားထားသည်။

ဝန်ကြီး သူရဦးအောင်ကိုနည်းတူ ဖမ်းဆီးထိန်းသိမ်းခံရသည့် NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုဖြင့် တရားစွဲဆိုရေးအတွက် အမှုတွဲခံရသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ၎င်းနေရာကို ဆက်ခံသည့် ဝန်ကြီးဦးစိုးဝင်းနှင့် ဒုဝန်ကြီး ဦးဆက်အောင်၊ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး စသည်တို့လည်း ပါဝင်သည်။

ထိုကဲ့သို့အာဃာတဖြင့် ဖမ်းဆီးခံရသူများ ရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ဝင်များ ဖြစ်သော်လည်း ထိန်းသိမ်းခံရခြင်းမရှိဘဲ သက်ညှာပေးခံရသူများ၊ စစ်တပ်အာဏာသိမ်းပြီးခါစ ကနဦးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရသော်လည်း ပြန်လည်လွတ်မြောက်ခဲ့သူများလည်း ရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ တို့မှာ ဖမ်းဆီးထိန်းသိမ်း မခံခဲ့ရပေ။

ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်၊ ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နိုင်သက်လွင်တို့ကိုလည်း စစ်ခေါင်းဆောင်က မဖမ်းဆီးထားပေ။ 

စစ်ခေါင်းဆောင် မျက်မုန်းကျိုးသည့် ဆရာတော်များ

တပ်အာဏာသိမ်းချိန်တွင် ယခင်ကတည်းက စစ်တပ်ကို ဝေဖန်ပြောဆိုခဲ့ပြီး လူသိများထင်ရှားသော သံဃာတော်တော်များကိုလည်း စစ်ခေါင်းဆောင်က အချိန်ကိုက် မပျက်မကွက် ဖမ်းဆီးထောင်ချခဲ့သည်။ ရွှေဝါရောင် ဆရာတော် ဦးသောဘိတ၊ ရွှေညဝါ ဆရာတော် ဦးပညာသီဟ၊ မန္တလေးမြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာဘိဝံသ တို့ ဖြစ်သည်။ 

ဦးသောဘိတ – သက်တော် ၃၉ နှစ်အရွယ်  ဆရာတော် ဦးသောဘိတ (အင်္လကာကြယ်) မှာ ယခင်စစ်အာဏာရှင်လက်ထက်တွင် အထင်ကရ လူထုအုံကြွမှုတစ်ခုဖြစ်သည့် သံဃာတော်များဦးဆောင်သော ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ 

တပ်ကို ဝေဖန်ပြောဆိုသည်ဟူသော စွပ်စွဲချက်များဖြင့် NLD အစိုးရလက်ထက် ၂၀၁၈ တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၁၉ တွင်လည်းကောင်း  တရားစွဲဆိုခံရသည်။ ၅၀၅ (ခ) အမှုကို ၂၀၂၀ ဧပြီနှင့် မေလတွင် မန္တလေး အမရပူရမြို့နယ်တရားရုံးနှင့် အယူခံဝင်သည့် ခရိုင်နှင့် တိုင်းတရားရုံးအသီးသီးတို့က ပြစ်မှုမမြောက်ဟု ဆိုကာ အမှုကို ပယ်ချခဲ့သည်။ 

သို့သော် ဆက်သွယ်ရေးဥပဒေပဒ်မ ၆၆(ဃ) အတွက် အာမခံဖြင့် အချုပ်လွတ် တရားရင်ဆိုင်နေခဲ့ခြင်း ဖြစ်သော်လည်း အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ တွင် အာမခံ ရုပ်သိမ်း၍ ဦးသောဘိတကို ချက်ချင်း ဖမ်းဆီးလိုက်ပြီး ဖေဖော်ဝါရီ ၃ တွင် ယင်းပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင် ၂ နှစ် ချမှတ်လိုက်သည်။​

ထို့အပြင်၂၀၂၀ ဩဂုတ်လတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမျိုးသားရေးသမားဆိုသူတစ်ဦးက ဦးသောဘိတကို သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅-ကဖြင့် မြဝတီမြို့ရဲစခန်းတွင် ထပ်မံအမှုဖွင့်ခဲ့သေးသည်။ တပ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အရာရှိကြီးများ ကိုးကွယ်သော သီတဂူဆရာတော်နှင့် ဓမ္မဒူတ အရှင်ဆေကိန္ဒတို့ကို လူမှုကွန်ရက်တွင် ရုန့်ရင်းသော အသုံးအနှုန်းများရေးသား၍ ဝေဖန်သည်ဆိုကာ အမှုဖွင့်ခံရခြင်း ဖြစ်သည်။

ရွှေညဝါဆရာတော် – ရွှေညဝါဆရာတော်ဟု လူသိများသည့် သက်တော် ၅၆ နှစ်အရွယ် ဆရာတော် ဦးပညာသီဟသည် NLD ပါတီ အာဏာမရမီ ဖိနှိပ်ခံဘဝတည်းကပင် ပြောင်ပြောင်တင်းတင်း ထောက်ခံ အားပေးသူ ဖြစ်ရာ စစ်ခေါင်းဆောင်၏ အငြိုးထား ဖမ်းဆီးခံရသည့် ပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်သည်။ 

ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကျင်းပခြင်း၊ NLD ပါတီရုံးတွင် တရားဟောပြောခြင်းတို့ကြောင့် စစ်သားတစ်ပိုင်းအရပ်သားတစ်ပိုင်း ဖြစ်သည့် ဦးသိန်းစိန်အစိုးရလက်ထက်ကပင် တရားဟောခွင့်ပိတ်ပင်ခံရခြင်း၊ ၎င်း၏ ရန်ကုန်ရှိ သာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်နာယကအဖြစ်မှ နုတ်ထွက်၍ ကျောင်းကို စွန့်ခွာရသည်အထိ NLD ပါတီကို ထောက်ခံခဲ့သူ ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းသည့်နေတွင်ပင် ရွှေညဝါ ဆရာတော်လည်း ဖမ်းဆီးထိန်းသိမ်းခံရသည်။ အင်းစိန်ထောင်အတွင်း ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်ပျံ့ပွားမှု များပြားလာသည့် ဇူလိုင်နှောင်းပိုင်းတွင် ရွှေညဝါဆရာတော်သည်လည်း ဖျားနာနေသဖြင့် ဆေးရုံတင်ထားရကြောင်း ၎င်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ 

ဆရာတော် အရိယဝံသာဘိဝံသ – အာဏာသိမ်းပြီး အဖမ်းခံရသည့် သံဃာတော်များအနက် မန္တလေးမှ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်လည်း ပါဝင်သည်။ ဆရာတော် အရိယဝံသာဘိဝံသမှာ အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ၂၀၁၉ စက်တင်ဘာတွင် တရားစွဲခံရသူ ဖြစ်သည်။ မဘသကို အမည်ပြောင်းထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို တပ်မတော်က ကျပ်သိန်း ၃၀၀ လှူဒါန်းမှုအပါအဝင် တပ်ကို ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ တရားစွဲဆို ခံရခြင်းဖြစ်ပြီး တရားလိုမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသော်တာထွေး ဖြစ်သည်။ 

ဆရာတော်သည် ထောင်ထဲတွင် ၆ လ ခန့် ထိန်းသိမ်းခံရပြီးနောက် ဩဂုတ်လဆန်းပိုင်းတွင် မန္တလေးအိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ လွတ်မြောက်ပြီးနောက်တွင်လည်း အာဏာသိမ်းမှုအပေါ် ဆက်လက် ဝေဖန်ခဲ့သည်။  ဘာသာရေးအသုံးချ၍ ပြည်သူကို အယုံသွင်းသည့် နိုင်ငံရေးသမားသည် “အလကားနိုင်ငံရေးသမား” ဖြစ်သည်ဟု Myanmar Now ကို အင်တာဗျူးတစ်ခုတွင် မိန့်ကြားခဲ့သည်။ 

လူငယ်ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်

ပညာရေးဥပဒေကို ရှေ့တန်းမှ ရဲရဲတောက် သပိတ်မှောက်ခဲ့သော တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် ၃၈ နှစ်အရွယ် မင်းသွေးသစ်မှာ အာဏာသိမ်းသည့် မနက်အစောပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရသည်။ 

ကျောင်းသားအရေးလှုပ်ရှားမှုများ၊ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိသူ ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဟောင်း မင်းသွေးသစ်သည် ၂၀၂၀ ကိုဗစ်နိုင်တင်း ကာလတွင် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်း မင်းသွေးသစ်သည် အိုးဝေစာကြည့်တိုက်နှင့် ပညာဒါန (သန်လျင်) ကို တည်ထောင်သူလည်း ဖြစ်သည်။

ဖမ်းဆီးပြီး တစ်လကြာ မတ်လဆန်းပိုင်းမှာသာ အင်းစိန်ထောင်တွင် ရှိနေကြောင်း သိရသည့်အတွက် ဆေးဝါးအပါအဝင် ထောင်ဝင်စာ ပေးခွင့်ရခဲ့သည်ဟု ဇနီးဖြစ်သူ မရတနာဆုပိုခိုင်က VOA သတင်းဌာနကို ပြောကြားခဲ့သည်။

ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည့် ယာဉ်လိုင်စင်ဆိုင်ရာစည်းကမ်းဖောက်ဖျက်မှုဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲခြင်း ဥပဒေပုဒ်မ ၉၅ အရ ကိုမင်းသွေးသစ်ကို စစ်အုပ်စုက တရားစွဲဆိုခဲ့သော်လည်း တရားစီရင်ရေးကို အယုံအကြည်မရှိသည့်အတွက် ရှေ့နေပါဝါ လက်မှတ်မထိုးပေးဘဲ သပိတ်မှောက်ခဲ့ကြောင်း ဇနီးဖြစ်သူက ဆိုသည်။ 

ကျောင်းသားအရေးနှင့် အဖိနှိပ်ခံများအတွက် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည့်အလျောက် အာဏာသိမ်းစဉ် ဖမ်းဆီးမခံခဲ့ရပါကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်ဆန္ဒပြလှုပ်ရှားမှုများတွင် လူငယ်များရှေ့က ပါဝင်နေမည့်သူတစ်ဦး ဖြစ်သည်။ 

အာဏာရှင်တို့ မကြိုက်သည့် အနုပညာရှင်များ

စာရေးဆရာထင်လင်းဦးနှင့်အတူ နယ်မြို့အနှံ့ စာပေဟောပြောပွဲများတွင် ပါဝင်လေ့ရှိသူ ၆၃ နှစ်အရွယ် စာရေးဆရာ မောင်သာချိုမှာလည်း အာဏာသိမ်းစဉ် အထိန်းသိမ်းခံလိုက်ရသူများအနက် ပါဝင်သည်။ ယင်းမတိုင်မီက ဖမ်းဆီးတရားစွဲဆို ခံရခြင်းမျိုး မရှိသော်လည်း မောင်သာချိုသည် NLD အသိုင်းအဝိုင်းက ပြုလုပ်သည့် စာပေဟောပြောပွဲများတွင် ပါဝင်လေ့ရှိသူတစ်ဦး ဖြစ်သည်။ ဂျက် (ကွမ်းခြံကုန်း) ကလောင်ဖြင့်လည်း 7Day သတင်းစာတွင် သရော်စာများ ရေးသားလေ့ရှိသည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အငြိုးဖြင့် ဖမ်းဆီးခံရသူ နောက်အနုပညာရှင်တစ်ဦးမှာ ငြိမ်းချမ်းရေးအဆိုတော် စောဖိုးခွားဖြစ်သည်။ ၅၃ နှစ်အရွယ် စောဖိုးခွားသည် ငြိမ်းချမ်းရေးနှင့် ဆိုင်သည့် အခမ်းအနားများတွင် ဖျော်ဖြေလေ့ရှိသည့် ကရင်တိုင်းရင်းသားအဆိုတော်တစ်ဦးလည်း ဖြစ်သည်။ 

သူရေးသားသီဆိုထားသည့် ‘ဒေါ်စိန်အေးရဲ့သား’ သီချင်းကို သူအထိန်းသိမ်းခံနေရသည့် အစောပိုင်းကာလ လမ်းလုံးပြည့် ဆန္ဒပြကန့်ကွက်လှုပ်ရှားသူများကြားမှ တော်လှန်ရေးဂီတအဖွဲ့များ သီဆိုခဲ့ကြသည်။

ပြင်ဦးလွင်မြို့တွင်ရှိသည့် စစ်တက္ကသိုလ် Defence Service Academy (DSA) ကို ဒေါ်စိန်အေးဟု အများက နားလည်ထားပြီး သီချင်းထဲမှ ‘လေးခွကိုင်ပြီး ရမ်းကားနေတဲ့အကောင် …..အဲဒါ ဒေါ်စိန်အေးရဲ့သား’၊   ‘ရပ်ကွက်ထဲမှာ မရှိမှအေးမယ့်ကောင်’ စသည့် စကားလုံးများဖြင့် စစ်အရာရှိများကို တည့်တည့်မတ်မတ် ၀ေဖန်သရော်ထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးသီချင်းများ သီဆို၍ မဲဆွယ်စည်းရုံးပေးခဲ့မှုကြောင့် စစ်တပ်က မလိုလားသူ၊ အငြိုးထားခံရသူတစ်ဦး ဖြစ်လာကာ လက်ရှိတွင် အင်းစိန်ထောင်တွင် အကျဉ်းကျလျက်ရှိသည်။ 

အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခံရသူ အများအပြားမှာ နိုင်ငံရေးနယ်ပယ်တွင် အရေးပါသူများ ပါဝင်သလို စာပေ၊ ဖျော်ဖြေရေးနှင့် အနုပညာနယ်ပယ်များမှ နိုင်ငံရေးအသိနိုးကြွသူတို့လည်း ပါဝင်သည်။ 

သူတို့က ပြန်ပေးဆွဲပြီးတော့ နိုင်ငံရေးဓားစာခံ လုပ်ထားတာလေ။ ပြီးရင် သူတို့အပေးအယူ လုပ်တော့မှာ။ နိုင်ငံရေးအရ နိုင်ငံတကာဖိအားတွေ၊ ကုလသမဂ္ဂမျက်နှာစာမှာ ဒီဖိအားတွေကို ဖြေလျှော့ချင်တဲ့အခါကျတော့ ဒီပြန်ပေးဆွဲထားတဲ့ နိုင်ငံရေးဓားစာခံတွေနဲ့ အလဲအထပ် လုပ်တာ – နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး

စစ်ခေါင်းဆောင်က ၎င်းတို့၏ အတိတ်နှင့် လက်ရှိလှုပ်ရှားမှုများအပေါ် အာဃာတထားကာ တစ်ချိန်တည်း ဖမ်းဆီးအကျဉ်းချခြင်း ဖြစ်နိုင်သကဲ့သို့ နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းလည်း ဖြစ်နိုင်သည်ဟု  နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။ 

“သူတို့က ပြန်ပေးဆွဲပြီးတော့ နိုင်ငံရေးဓားစာခံ လုပ်ထားတာလေ။ ပြီးရင် သူတို့အပေးအယူ လုပ်တော့မှာ။ နိုင်ငံရေးအရ နိုင်ငံတကာဖိအားတွေ၊ ကုလသမဂ္ဂမျက်နှာစာမှာ ဒီဖိအားတွေကို ဖြေလျှော့ချင်တဲ့အခါကျတော့ ဒီပြန်ပေးဆွဲထားတဲ့ နိုင်ငံရေးဓားစာခံတွေနဲ့ အလဲအထပ် လုပ်တာ။ ဒီလိုပဲလုပ်ခဲ့တာပဲလေ စစ်အစိုးအရအဆက်ဆက်၊ သိပ်ဖိအားများလာရင် ပြန်လွှတ်ပေးလိုက်မယ် ပြီးရင်ပြန်ဖမ်းမယ်” ဟု ၎င်းက ပြောသည်။ 

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*