နေပြည်တော်မှာ မြေအောက်ရထားလမ်းတွေ၊ လျှပ်စစ်ဘတ်စ်ကားလမ်းတွေ ဆောက်ဖို့ စစ်ကောင်စီဥက္ကဋ္ဌပြော စစ်ကောင်စီဥက္ကဋ္ဌ ပြောကြားချက် လက်တွေ့နဲ့ ကင်းကွာနေဟုဆို

နေပြည်တော်မှာ မြေအောက်ရထားလမ်းတွေ၊ လျှပ်စစ်ဘတ်စ်ကားလမ်းတွေ ဆောက်ဖို့ စစ်ကောင်စီဥက္ကဋ္ဌပြော
စစ်ကောင်စီဥက္ကဋ္ဌ ပြောကြားချက် လက်တွေ့နဲ့ ကင်းကွာနေဟုဆို

နေပြည်တော်ကို အစိုးရရုံးစိုက်ရာမြို့တော်ဖြစ်တာနဲ့အညီ လျှပ်စစ်ဘတ်စ်ကားလမ်းတွေနဲ့မြေအောက်ရထားလမ်းတွေ တည်ဆောက်ဖို့ကြိုတင်စဉ်းစားထားဖို့ လိုအပ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ နေပြည်တော်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ နေပြည်တော်ကောင်စီနယ်မြေဟာ လူဦးရေသန်း ၂ဝ ထိ နေထိုင်နိုင်အောင်ရည်ရွယ်တည်ဆောက်ထားတာဖြစ်လို့ မြို့ပြစီမံကိန်းတွေတည်ဆောက်တဲ့နေရာမှာ မြို့ပတ်ရထားလမ်းတွေ၊ လျှပ်စစ်ဘတ်စ်ကားလမ်းတွေ နဲ့မြေအောက်ရထားလမ်းတွေ တည်ဆောက်နိုင်ဖို့ကြိုတင်စဉ်းစားထားဖို့လိုတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံဟာ ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု အခြေအနေနဲ့အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံရဲ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းထိကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ခန့်မှန်းထားပါတယ်။ ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်ပအခြေစိုက်ကုမ္ပဏီတွေပြန်လည်ထွက်ခွာတာတွေနဲ့ ပို့ကုန်သွင်းကုန်အခက်ခဲတွေပြည်ပက အော်ဒါရရှိမှုနည်းပါးလာတာတွေကြောင့် စက်ရုံအလုပ်ရုံတွေပိတ်သိမ်းတာတွေဖြစ်ခဲ့လို့အလုပ်လက်မဲ့ဦးရေတွေ တိုးပွားလာ လာတယ်လို့အလုပ်သမားအရေးဆောင်ရွက်သူတွေ က ပြောဆိုသုံးသပ်ကြပါတယ်။

ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း လာမယ့် လအနည်းငယ်အတွင်း မြန်မာပြည်လူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိ အငတ်ဘေးကြုံတွေ့နိုင်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မြန်မာ့ပြည်တွင်း ဒီလိုအကျပ်အတည်းတွေ ကြုံတွေ့ရနိုင်တယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေက သုံးသပ်ထားတာတွေရှိနေချိန် ဗိုလ်ချုပ်မှူးကြီးရဲ့ အခုနေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းညွှန်ကြားချက်ဟာ မြေပြင်အခြေအနေနဲ့ဝေးကွာနေတယ်လို့ သုံးသပ်သူတချို့က ပြောပါတယ်။

“အများကြီးအဆိုးမမြင်ချင်ပါဘူး။ သူတို့ကောင်းတာလုပ်မယ်ဆိုရင်လည်း လက်ခံချင်ပါတယ်။ အခုဟာကတော့ မကြာခင် လူတွေ စားနပ်ရိက္ခာမလုံခြုံမှု ၊ ဆင်းရဲမွဲတေမှုတွေကြုံရမယ်လို့သုံးသပ်နေကြချိန်မှာ မြေအောက်ရထားတွေ၊ မြို့ပြစီမံကိန်းတွေ လုပ်မယ်ဆိုတာ ပြောတာကတကယ့်ကို အရှိတရားနဲ့ဝေးနေတယ်။ အရှိတရားနဲ့အရမ်းကင်းကွာနေတာ။ ပြည်သူလူထု အပေါ်မှာ လုံးဝမငဲ့ညှာမစဉ်းစားရာရောက်ပါတယ် ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တမ္ပဒီပ အင်စတီကျူ့က ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ-Global New light of Myanmar
ပုံစာ – မနေ့ အစည်းအဝေးမှာတွေ့ရတဲ့ စစ်ကောင်စီဥက္ကဋ္ဌ

Be the first to comment

Leave a Reply

Your email address will not be published.


*