ပဲခူးမြို့ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ သံသယဖြစ်ခံရသူ အမျိုးသား ယမန်နေ့ (ဇူလိုင် ၁၉) တွင် သွားရောက်အဖမ်းခံသောကြောင့် သူ၏ ယောက္ခမနှင့် ၁၇ နှစ်အရွယ် ခယ်မတို့ ပြန်လွတ်လာသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

July 20.2021

ပဲခူးမြို့ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ သံသယဖြစ်ခံရသူ အမျိုးသား ယမန်နေ့ (ဇူလိုင် ၁၉) တွင် သွားရောက်အဖမ်းခံသောကြောင့် သူ၏ ယောက္ခမနှင့် ၁၇ နှစ်အရွယ် ခယ်မတို့ ပြန်လွတ်လာသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဇူလိုင် ၁၆ ပဲခူးမြို့ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ၄၄ နှစ်အရွယ် ကိုမျိုးကျော်ရှိရာ ပဲခူးမြို့၊ သဲကြီးကုန်းကျေးရွာနေအိမ်သို့ စစ်ကောင်စီတပ်သားများက ဇူလိုင် ၁၈ တွင် ၃ ကြိမ် သွားရောက်ရာ သူ့ကို မတွေ့သဖြင့် ၁၇ နှစ်အရွယ် ခယ်မဖြစ်သူ မနွေးနွေးကို ဖမ်းဆီးသွားခဲ့သည်။

“မနက်ခင်း ၂ ချက်ထိုး တစ်ခေါက်ဝင်စီးတယ်။ သူရှိလားမေးတယ်။ မရှိတော့ ပြန်လှည့်ထွက်သွားကြတယ်။ မနက်ခင်း ၁၀ နာရီ တစ်ခေါက်ထပ်လာတယ်။ ပြန်ရောက်ပြီလားမေးတယ်။ ညနေ ၄ နာရီခွဲတစ်ခေါက် ထပ်လာပြီး ညီမလေး(ခယ်မ)ကို ခေါ်သွားတယ်” ဟု ထိုအမျိုးသားက ပြောသည်။

“လာအဖမ်းမခံမချင်း ခေါ်ထားမယ်လို့ပြောတယ်

ထို့နောက် ယမန်နေ့ (ဇူလိုင် ၁၉) နံနက် ၁၀ နာရီတွင် ဇနီးဖြစ်သူ၏ ဖခင်ကို စစ်တပ်က လာ‌ရောက်ဖမ်းဆီးခဲ့ပြီး ကိုမျိုးကျော်ထံ ဖုန်းဆက်ခိုင်းခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကိုမျိုးကျော်သည် ပဲခူးမြို့ အမှတ်(၃) ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ရာ ခယ်မနှင့် ယောက္ခမ ပြန်လွတ်လာသည်။

အဖမ်းခံသူ ကိုမျိုးကျော်၏ ကံကြမ္မာကို မသိရသေးသော်လည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင်မူ အလားတူ သွားရောက်အဖမ်းခံသော တဲစုရွာမှ ဦးစိုးစံသည် နောက်တစ်နေ့ ဇွန် ၃၀ တွင် စစ်ကောင်စီတပ်သားများ၏ လက်ချက်ဖြင့် သေဆုံးသွားသည်။

ကိုမျိုးကျော်သည် ဇူလိုင် ၁၆ တွင် ပဲခူးမြို့ပေါ် ၅ နေရာခန့် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းနှင့် ဆက်စပ်ပြီး သံသယဖြစ်ခံရသူတစ်ဦးဖြစ်သည်။ ဇူလိုင်လဆန်းမှ ၁၃ ရက်အထိ ​ပဲခူးမြို့၌ ဒလန်ဟု နာမည်ထွက်သူတစ်ဦး၊ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးနှင့် အထက်တန်းကျောင်းဝင်းအနီးရှိ စစ်တပ်ကင်းစခန်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှုများလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည် ။

စစ်ကောင်စီက ၎င်းတို့အလိုရှိသူကို ဖမ်းမမိလျှင် ကျန်မိသားစုဝင်များအား ဓားစာခံလုပ်ဖမ်းဆီးခြင်း၊ တရားစွဲထောင်ချခြင်းများအပြင် ပစ်သတ်ခြင်းများပါ ပြုလုပ်နေသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျီးစုရွာတွင် ဒလန်ဟု ယူဆရသူများအသတ်ခံရပြီးနောက် ဇူလိုင် ၁၃ ၌ ရွာသားတချို့ကို လိုက်ဖမ်းရာတွင် အမျိုးသားတစ်ဦးကို ဖမ်းမမိ၍ ဇနီးသည်ကို ဓားစာခံအဖြစ် ခေါ်သွားသည်။

ယင်းနေ့ကလည်း မိုးကုတ်မြို့မှ ဆန္ဒပြခေါင်းဆောင် ဦးစိုးဌေးကို ဖမ်းမမိ၍ ၎င်း၏ ဇနီးနှင့် ၁၈ နှစ်အရွယ် သမီးကို ဖမ်းပြီး ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် ထောင်သုံးနှစ်စီ ချခဲ့သည်၊ ၅ နှစ်သမီးကိုလည်း နှစ်ပတ်ကြာ ဖမ်းထားခဲ့သေးသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ကလည်း တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာတွင် ဆန္ဒပြပွဲဦးဆောင်သူ လူငယ်တစ်ဦးကို မတွေ့သဖြင့် ဖခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ ​​

​​ဇူလိုင် ၁၆ တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်ကို ဖမ်းမမိ၍ ၎င်း၏ ဖခင်ဖြစ်သူကို ယာခင်းအတွင်း စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်။

ဓားစာခံဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီလက်ချက်ဖြင့် အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ မှ ယမန်နေ့ (ဇူလိုင် ၁၉) အထိ သေဆုံးသူ ၉၁၉ ဦးထက်မနည်းရှိပြီး ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၅၂၉၃ ဦး အနည်းဆုံးရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*