ပြည်သူ့ တပ်မတော်သားနှင့်ရဲများ တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်များ

ပြည်သူ့ တပ်မတော်သားနှင့်ရဲများ တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်များ၊ ညွှန်ကြားချက်များကို နာခံခြင်းမပြုရန် NUG က အမိန့် ထုတ်ပြန်

 

ရန်ကုန်၊ ဩဂုတ် ၂၉

 

ပြည်သူ့ဘက်တွင် ရပ်တည်မည့် ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်များ၊ ညွှန်ကြားချက်များကို နာခံခြင်းမပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGက ဩဂုတ်လ ၂၈ရက်နေ့ နေ့စွဲဖြင့် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

 

ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့်စပ်လျဉ်းသည့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ မူဝါဒကို ကြေညာချက်အမှတ် (၈/၂၀၂၁) ၊ ၂၃ သြဂုတ် ၂၀၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့်လမ်းခွဲကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံပူးပေါင်းလာမည့် “ပြည်သူ့သားကောင်း” တပ်မတော် သားများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဉ်း၍ထုတ်ပြန်ထားသော အဆိုပါမူဝါဒနှင့်အညီ ကာကွယ်ရေးဝန်ကြီး ဌာနက အောက်ပါ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ကြောင်း NUG က ကြေညာသည်။

 

ညွှန်ကြားချက်များအနေဖြင့်

 

(က) တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်များ၊ ညွှန်ကြားချက်များကို နာခံခြင်းမပြုရန်။

 

(ခ) ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် မဟာမိတ်များအား ဟန့်တားနှောင့်ယှက် တိုက်ခိုက် ခြင်းမပြုရန်။

 

(ဂ) ပြည်သူကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းမပြုရန်နှင့် ပြည်သူလူထုပိုင် အိုးအိမ်နှင့် ပစ္စည်းဥစ္စာများကို လုယူခြင်း၊ ဖျက်ဆီးခြင်း မပြုရန် တို့ဖြစ်သည်။

 

ထို့အပြင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံပူးပေါင်းမည့် “ပြည်သူ့သားကောင်း” တပ် မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များကို လိုအပ်သလို ကူညီနိုင်ရန်နှင့် မှတ်တမ်းတင်ဂုဏ်ပြုနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရသို့ အမြန်ဆုံးဆက်သွယ်၍ စာရင်းပေးသွင်းကြရန် တိုက်တွန်းအပ်ကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံမည့် ပြည်သူ့တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ပြည်သူနှင့် အမျိုးသားညီညွတ်ရေးအစိုးရက အထူးဂုဏ်ပြုကြိုဆိုလျက် လိုအပ်သော ကူညီစောင့်ရှောက်မှုများဆောင်ရွက် သွားမည် ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

 

ပြည်သူကို ပုန်ကန်ဆန့်ကျင်သော စစ်ကောင်စီ၏ ခါးပိုက်ဆောင်၊ လက်ကိုင် တုတ် အကြမ်းဖက် သမားများကိုမူ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များက ပြင်းထန်စွာ တုံ့ပြန်အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတိပေးလိုက်ကြောင်း၊ ဆက်သွယ်စာရင်းပေးသွင်းရန် Call Center လိပ်စာ -http://t.me/MyanmarPeople ဖြစ်ကြောင်း NUG ၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*