ဖယ်ခုံမြို့နယ်တွင် ဒေသခံ PDF တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

ဖယ်ခုံမြို့နယ်တွင် ဒေသခံ PDF တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

မဇ္ဈိမ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ခေါင်းမိုင်းကျေးရွာတွင် ဖယ်ခုံမြို့ ဒေသခံ PDF တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲခန့်က စတင်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ် ကားအစီး ၃၀ ကျော်နှင့် အင်အား ၁၀၀ ကျော် အလုံးအရင်းဖြင့် လွိုင်ကော်ဘက်မှ ချီတက်လာရာ ဖယ်ခုံမရောက်မီ ခေါင်းမိုင်းကျေးရွာအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားကြခြင်းဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုအတွင်း ဖယ်ခုံဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း ဖယ်ခုံPDF ကလည်း အသိပေးထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲနောက်ဆက်တွဲ အသေးစိတ်ကို သိရှိရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြား (ပင်ပုံကျေးရွာနှင့် လွယ်ဝှဲကျေးရွာကြား) တွင် ဩဂုတ်လ ၁၄ ရက် ယမန်နေ့ နံနက်ပိုင်းကလည်း ဖယ်ခုံ PDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား လေးနာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက် အကျအဆုံးများခဲ့ကြောင်းနှင့် အရေအတွက်ကို မသိရသေးကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းက စတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းတလျှောက် မြို့နယ်များတွင် ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျှက် ရှိနေသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*