ဖလမ်းမှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရှေ့ဆက်မတိုးနိုင်သေးဘဲ အနီးဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီး၊ ဟားခါးအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံး

ဖလမ်းမှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရှေ့ဆက်မတိုးနိုင်သေးဘဲ အနီးဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီး၊ ဟားခါးအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံး

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

ချင်းပြည်နယ်၊ ဟားခါးမြို့ နှီးရ်လောမ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CNA၊ CDF ပူးပေါင်းတပ်ဖွဲ့များကြား အောက်တိုဘာလ ၁၃ ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး CNA ထံမှ သိရသည်။

 

ဟားခါးမြို့မှ ထွက်ခွာလာသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့မှ ထွက်ခွာလာသော သံချပ်ကာအမြှောက်ကား ၂ စီးပါ စစ်ယာဉ်တန်းအား သွားရောက်ကြိုဆိုသည့်အဖွဲ့ဟု ယူဆရပြီး ဟားခါးမြို့အထွက်၌ပင် ချင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံလိုက်ရခြင်းဖြစ်သည်။

 

အောက်တိုဘာလ ၁၃ ရက်တွင် ဖလမ်းမြို့မှ စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကား ၂ စီးအပါအဝင် စစ်ကားများ ဟားခါးမြို့သို့ ထွက်ခွာလာခဲ့သော စစ်ယာဉ်တန်းသည်လမ်း ဖလမ်းမြို့နယ်အတွင်း ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံရပြီး ရှေ့ဆက်မတိုးနိုင်သေးဘဲ အနီးဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေကြသည်။

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရီရယ်သီးကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက်တွင် ထပ်မံမီးရှို့ဖျက်ဆီးနေပြီး ကျေးရွာတွင် မီးမလောင်သည့်အိမ် ၃ လုံးသာ ကျန်တော့ကြောင်း သတင်းရရှိသည်။

 

ရီရယ်သီးကျေးရွာသည် ဖလမ်းမြို့နှင့် ၇ မိုင်ခန့် အကွာအဝေးတွင်တည်ရှိကာ အိမ်ခြေ ၁၃ လုံးခန့်သာ ရှိသော ရွာငယ်လေးဖြစ်ပြီး စစ်ကောင်စီတပ်များမီးရှို့မှုကြောင့် ဘုရားကျောင်း၊ ဂိုထောင်ကြီးတစ်လုံးအပါအဝင် နေအိမ်များ ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် နေအိမ် ၃ လုံးခန့်သာ ကျန်ရှိတော့ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

 

ဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ နှစ်ဖက်အကျအဆုံးစားရင်းအား ချင်းတပ်ဖွဲ့များမှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

 

တိုက်ပွဲများနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဖလမ်းမြို့နယ်အတွင်းရှိ လုံပီး၊ တလန်းဇာရ်၊ တလန်းရောန်၊ တားလ်၊ ရီရယ်တီးကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

 

ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများအား ချင်းအမျိုးသားတပ်ဦး CNA၊ CDF၊ CNDF နှင့် ဒေသခံ PDF တပ်ဖွဲ့များမှ ခုခံတိုက်ခိုက်လျှက်ရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*