ဘဏ်များအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကျဆင်းလာသည့်နည်းတူ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းလျက်ရှိကာ ဩဂုတ် ၁၃ ရက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၄၀ ကျပ်အထိ ဖြစ်လာသည်

ဘဏ်များကို ယုံကြည်ရန် ဗဟိုဘဏ်ထုတ်ပြန်သော်လည်း ငွေထုတ်ရန် ပိုမိုခက်ခဲလာ

ဘဏ်များအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကျဆင်းလာသည့်နည်းတူ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းလျက်ရှိကာ ဩဂုတ် ၁၃ ရက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၄၀ ကျပ်အထိ ဖြစ်လာသည်

ပြည်သူများအနေဖြင့် စိုးရိမ်စိတ်မရှိဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သော်လည်း ပြည်တွင်းဘဏ်အများစု ငွေထုတ်ပေးရန် ပိုမိုခက်ခဲနေကြောင်း ဘဏ်သုံးစွဲသူများနှင့် လုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းဘဏ်အချို့ လုပ်ငန်းများပိတ်သိမ်းတော့မည်ဟု လူမူကွန်ရက်တွင် ပြောဆိုမှုများရှိလာပြီးနောက် ဘဏ်များပိတ်သိမ်းမည်မဟုတ်ကြောင်း၊ တစ်သောင်းနှင့် ငါးထောင်ကျပ်တန်များလည်း ဖျက်သိမ်းမည်မဟုတ်ကြောင်း ဗဟိုဘဏ်က ယမန်နေ့တွင် (သြဂုတ် ၁၃) ထုတ်ပြန်ခဲ့သည်။

“သူတို့ထွက်ပြောရင် ပိုကြောက်စရာကောင်းလာပြီ။ ဘဏ်တွေကို စိုးရိမ်စရာ မရှိပါဘူး။ ပုံမှန်လည်ပတ်တယ်ပြောရအောင် ဘယ်ဘဏ်က ငွေထုတ်ပေးနေလို့လဲ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မေးခွန်းထုတ်သည်။

ပြည်တွင်းဘဏ် သုံးခုမှလေးခုကြား ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း လူမူကွန်ရက်တွင် ပြောဆိုမှုများရှိနေချိန်တွင် စစ်ကောင်စီက ကိုဗစ်အကြောင်းပြချက်ဖြင့် ဘဏ်များကို ဩဂုတ် ၁၆ ရက်မှ ဩဂုတ် ၂၀ ရက်အထိ ပိတ်ခိုင်းခဲ့ရာ နောက်ကွယ်တွင် ပြသာနာရှိသည်ဟု ယူဆချက်ကြောင့် ဘဏ်များအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပိုမိုလျော့နည်းစေခဲ့သည်။

စစ်ကောင်စီက ကိုဗစ်အကြောင်းပြချက်ဖြင့် အချိန်တစ်လကျော်ကြာ (သီတင်းပတ် ၅ ပတ်ခန့်) အလုပ်ပိတ်ရက်သတ်မှတ်ခဲ့ရာ ယခုတစ်ကြိမ်တွင် ဘဏ်များပါ ပိတ်ရန်ကြေညာခဲ့သည့်အတွက် ဘဏ်များတွင် ငွေထုတ်ယူမှုများပိုမိုများလာပြီး ဘဏ်အချို့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် ပြည်တွင်းဘဏ်များ၌ ငွေအပ်ထားသူများအနေဖြင့် ငွေထုတ်လိုပါက ဖုန်း သို့မဟုတ် အွန်လိုင်းမှ ကြိုတင်စာရင်းပေးသွင်းကာ တစ်ပတ်လျှင် ကျပ် သုံးသိန်းမှ ငါးသိန်းအထိသာ အများဆုံးထုတ်ပေးနေခြင်း ဖြစ်သည်။

မ္ဘောဇဘဏ်သည် ဇူလှိုင်လကတည်းကပင် ATM စက်အများစုတွင် ငွေဖြည့်ပေးခြင်းမရှိတော့သည့်နည်းတူ ဘဏ်၌ ငွေထုတ်ပေးခြင်းကို ပိုမိုတင်းကျပ်ကာ လူအနည်းငယ်ကိုသာ ငွေထုတ်ခွင့်ပေးနေကြောင်း ကမ္ဘောဇဘဏ်သုံးစွဲသူအချို့က ပြောသည်။ အခြားဘဏ်များတွင်လည်း ငွေထုတ်ယူခြင်းကို ဇူလိုင်ကတည်းကပင် ကန့်သတ်ခဲ့ပြီး နေ့စဉ် လူအနည်းငယ်ကိုသာ ငွေထုတ်ပေးနိုင်တော့သည်။

သို့သော် ဘဏ်များက ငွေထုတ်ယူသူအရေအတွက်ကို ထိန်းချုပ်ထားသည့်အပြင် ဘဏ်အများစုက ATM (အလိုအလျောက်ငွေထုတ်စက်) များတွင်လည်း ငွေဖြည့်တင်းပေးနိုင်ခြင်း မရှိပေ။ အာဏာသိမ်းပြီးခြောက်လကျော်အကြာတွင် ပြည်တွင်းဘဏ်များ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ဒီအတိုင်းသာဆက်သွားရင် ဘဏ်တွေက ဘယ်လိုမှ ဆက်လက်ရပ်တည်နိုင်မှာ မဟုတ်ဘူး။ စီးပွားရေးအရ လုပ်ငန်းမလည်ပတ်နိုင်ရင် ဘဏ်တွေရပ်တာက အနှေးနဲ့အမြန် ဖြစ်လာမှာပဲ” ဟု အဆိုပါ ဘဏ်လုပ်ငန်းရှင်အမျိုးသားက ပြောသည်။

ဘဏ်ပိတ်ရက်နှင့်အတူ ဗဟိုဘဏ်ကြေညာချက်ထွက်လာပြီးနောက် ငွေလဲလှယ်ရေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုးပိုကျလာပြီး ဩဂုတ် ၁၂ ရက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၂၀ ကျပ် ဈေးပေါက်ခဲ့ရာမှ ယမန်နေ့တွင် ၁၇၄၀ ကျပ်အထိ ဖြစ်လာသည်။

ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းနေခြင်းဖြစ်ကာ အာဏာမသိမ်းမီက ၁ ဒေါ်လာ ၁၃၇၀ ကျပ်နှင့် နှိုင်းယှဉ်ပါက ကျပ်ငွေတန်ဖိုး ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ဒေါ်လာနည်းတူ ရွှေဈေးလည်း ဆက်တိုက်မြင့်တက်နေပြီး ယမန်နေ့တွင် ရွှေတစ်ကျပ်သားလျှင် ၁,၆၂၅,၀၀၀ ကျပ်အထိ ဈေးပေါက်သည်။

ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေချိန်တွင် ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေနေကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၃ တွင် Myanmar Now ကို ပြောကြားထားသည်။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*