ဘန်ကောက်နဲ့ အခြား ပြည်နယ်တွေက တင်းကြပ်တဲ့ လော့ဒေါင်းကန့်သတ်ချက်တွေကို ထိုင်း ဖြေလျှော့မယ်

ဘန်ကောက်နဲ့ အခြား ပြည်နယ်တွေက တင်းကြပ်တဲ့ လော့ဒေါင်းကန့်သတ်ချက်တွေကို ထိုင်း ဖြေလျှော့မယ်

 

ဩဂုတ်လ ၂၇ ရက်။

 

မြို့တော် ဘန်ကောက်နဲ့ အခြားပြည်နယ်အများအပြားက တင်းကြပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းကို မကြာမီမှာ ဖြေလျှော့သွားဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။

 

စားသောက်ဆိုင်တွေကိုလည်း ပြန်ဖွင့်ခွင့်ပေးမှာဖြစ်ပြီး နိုင်ငံနယ်မြေအများအပြားမှာ ရပ်ဆိုင်းထားတဲ့ ပြည်တွင်းလေယာဉ်ပျံသန်းမှုတွေလည်း ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

 

နိုင်ငံပိုင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးစင်တာဆီ သင့်တော်တဲ့ အဆိုပြုလွှာကို ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ တင်ပြမှာ ဖြစ်တယ်လို့ Bangkok Post သတင်းစာက ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။

 

သတ်မှတ်ထားတဲ့ အနီရင့်ဇုန် ၂၉ ခုနဲ့ အနီရောင်ဇုန် ၃၇ ခုက စားသောက်ဆိုင်တွေဟာ ဧည့်သည်တွေကို ည ၈ နာရီအထိ လက်ခံသွားခွင့် ပြုသွားတော့မှာပါ။ လက်ရှိမှာတော့ ပါဆယ်ယူစနစ်နဲ့ပဲ စားသောက်ဆိုင်တွေက ဝန်ဆောင်မှုပေး ရောင်းချနေရတာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ အခု ဖြေလျှော့ပေးမှုတွေဟာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူတွေနဲ့ COVID-19 မကူးစက်ကြောင်း စစ်ဆေးထားပြီးသူတွေပဲ အကျိုးခံစားခွင့် ရမှာ ဖြစ်ပါတယ်။ လေယာဉ်စီးနင်းမယ့် ခရီးသည်တွေအနေနဲ့လည်း ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သက်သေခံချက် ဒါမှမဟုတ် ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးချက်တွေကို ပြသရမှာ ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ နယ်မြေနေရာတော်တော်များများဟာ ကာဖျူးမိန့် ပြဋ္ဌာန်းတာနဲ့ ဈေးဆိုင်ခန်းတွေ ပိတ်ခိုင်းတာနဲ့အတူ တင်းကြပ်တဲ့ လော့ဒေါင်းအောက် သီတင်းပတ်များစွာ ရှိနေခဲ့တာပါ။

 

ဒါပေမဲ့ အသစ်ကူးစက်တဲ့ ဦးရေ ကျဆင်းလာခဲ့တာ ရက်အတော်ကြာလာခဲ့ပါတယ်။ လက်ရှိမှာဆိုရင် တစ်နေ့ကို အသစ်ကူးစက်သူဦးရေဟာ ၁၈၀၀၀ ဝန်းကျင်ပဲ ရှိတာကြောင့် လွန်ခဲ့တဲ့ နှစ်ပတ်က တစ်နေ့ ၂၃၀၀၀ ကျော်ထက်မနည်း ကူးစက်နှုန်းထက် ကျဆင်းလာတာပါ။

 

ပြီးခဲ့တဲ့နှစ်မှာ ထိုင်းနိုင်ငံဟာ ကပ်ဘေးကို တိုက်ဖျက်ရာမှာ စံပြနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရတာ ဖြစ်ပေမယ့် ဧပြီလကစလို့ လက်ရှိအထိ အဆိုးဆုံး ကူးစက်မှုလှိုင်းသစ်နဲ့ စံချိန်တင် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

 

လူဦးရေ သန်း ၇၀ ရဲ့ ၉ ရာခိုင်နှုန်းလောက်ပဲ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံခံရပါသေးတယ်။ ဖူးခက်နဲ့ ကော့စမွီကျွန်းကြီးတွေ အပါအဝင် နယ်မြေအချို့မှာ အထူးစီမံကိန်းတွေ ဖော်ဆောင်ပြီး အဓိကကဏ္ဍဖြစ်တဲ့ ခရီးသွားလုပ်ငန်း ပြန်စဖို့ ကြိုးစားနေပြီလည်း ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*