ဘရူနိုင်းအစိုးရပိုင် BRUNEI Energy Myanmar သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပြင် ဦးအောင်သောင်း၏ သားပိုင် IGE ကုမ္ပဏီနှင့် စီးပွားဖက်ဖြစ်နေသည်။

အာဆီယံအထူးသံအဖြစ် ဘရူနိုင်းကို ရွေးချယ်မှု အကျိုးစီးပွားပဋိပက္ခရှိနေ

ဘရူနိုင်းအစိုးရပိုင် BRUNEI Energy Myanmar သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပြင် ဦးအောင်သောင်း၏ သားပိုင် IGE ကုမ္ပဏီနှင့် စီးပွားဖက်ဖြစ်နေသည်

ဘရူနိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီသည် စစ်တပ်ကျောထောက်နောက်ခံကုမ္ပဏီများနှင့် စီးပွားဖက်များဖြစ်နေသောကြောင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးကို ရွေးချယ်ခန့်အပ်ခြင်းမှာ အကျိုးစီးပွားယှက်နွယ်မှုရှိနေကြောင်း Justice For Myanmar (JFM) က ဆိုသည်။

ဘရူနိုင်းအစိုးရပိုင် BRUNEI Energy Myanmar သည် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပြင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ဟောင်း ဦးအောင်သောင်း၏ သားပိုင် IGE ကုမ္ပဏီနှင့် စီးပွားဖက်ဖြစ်နေကြောင်း Justice For Myanmar အဖွဲ့က ဩဂုတ် ၁၁ တွင် ထုတ်ပြန်ထားသည်။

“ဘရူနိုင်းက သူတို့ ဒုနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်လိုက်တာဟာ လှောင်ပြောင်စရာ ဖြစ်နေပါတယ်။ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ ခရိုနီတွေနဲ့ စီးပွားရေးအကျိုးစီးပွားအတွက် ကိုယ်စားပြုနေတဲ့ Dato Erywan Pehin Yusof ကို ကြားနေစေစပ်ညှိနှိုင်းသူအဖြစ် စဉ်းစားဖို့ မဖြစ်နိုင်ပါဘူး” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ဘရူနိုင်းစွမ်းအင်ကုမ္ပဏီသည် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် ကုန်းတွင်းပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် သုံးခုဖြစ်သည့် IOR-7၊ EP-1 နှင့် ​IOR-5 တို့တွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည်ဟု ဆိုသည်။

လက်ရှိတွင် ဘရူနိုင်းကုမ္ပဏီအနေဖြင့် လုပ်ငန်းရပ်ဆိုင်းပြီး လုပ်ကွက်သုံးခုကို ပြန်လည်အပ်နှံထားသော်လည်း MOGE ထံ ကတိပြုထားသော အခကြေးငွေပေးလျော်ရန်ရှိသဖြင့် စစ်ကောင်စီအနေဖြင့် အကျိုးအမြတ်ရရှိနိုင်သည်ဟု JFM ၏ ထုတ်ပြန်ချက်က ဆိုသည်။

ဧရာဝတီတိုင်း၊ ရွှေပြည်သာရေနံမြေရှိ IOR-7 လုပ်ကွက်ကို ဘရူးနိုင်းနိုင်ငံပိုင် BRUNEI Energy Myanmar (ယခင် PB Myanmar), MOGE, မလေးရှားနိုင်ငံပိုင် Petronas နှင့် ဦးအောင်သောင်းသားပိုင် UNOG ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ရှာဖွေရေးတွင်းအမှတ် ၁ ကို ၂၀၁၈ နိုဝင်ဘာတွင် တူးဖော်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မကွေးတိုင်း EP-1 လုပ်ကွက်တွင် အမေရိကန်ဒေါ်လာ ၂၈ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ဖြစ်ပြီး ဘရူနိုင်းက ၈၇ ဒသမ ၂၅ ရာခိုင်နှုန်း၊ IGE က ၁၂ ဒသမ ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း၊ တည်ဆောက်ရေးကာလ ၂၀၁၄ မှ ၂၀၂၁ အထိဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မှတ်တမ်းတွင် တွေ့ရသည်။

ပဲခူးတိုင်း ထန်းတပင်ရှိ IOR-5 လုပ်ကွက်တွင် BRUNEI Energy Myanmar, မလေးရှား Petronas နှင့် UNOG ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ခွင့်ရထားသည်။

အဆိုပါလုပ်ကွက်များ၏ လက်ရှိလုပ်ငန်းလည်ပတ်မှုအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်ကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပေ။

မြန်မာ့အရေး အာဆီယံအထူးသံတမန်ခန့်အပ်မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြလျက်ရှိပြီး ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိ​ုင်များနှင့် တွေ့ဆုံဆွေးနွေးရန် ပျက်ကွက်ခဲ့ကြောင်းလည်း မရတနာမောင်က ဆိုသည်။

အာဆီယံကို မှီခိုနေပါက မြန်မာပြည်သူများအတွက် အဆိုးပိုဖြစ်နိုင်ပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကုလသမဂ္ဂက အရေးပေါ်ကြားဝင်ဖြေရှင်းပေးရန်လည်း ၎င်းက တောင်းဆိုသည်။

မြန်မာ့အရေးအတွက် အာဆီယံက အထူးကိုယ်စားလှယ်ခန့်၍ ကြားဝင်ဆောင်ရွက်မှုမှာ အချိန်ဆွဲ၍ မရသလို အာဏာသိမ်းစစ်တပ်၏ သဘောဆန္ဒအတိုင်းသာ လုပ်ဆောင်ပါက မအောင်မြင်နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက Myanmar Now ကို ပြောကြားထားသည်။

ဧပြီ ၂၄ ရက်က အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် ၅ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ခြင်းကို သုံးလကျော်အကြာမှသာ ခန့်အပ်နိုင်ခဲ့သည်။

ထိုသုံးလကျော်အတွင်း အထူးသံတမန်ခန့်အပ်ရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အချေအတင်ဆွေးနွေးမှုများရှိခဲ့ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းမှ ကိုယ်စားလှယ်တစ်ဦးစီ အဆိုပြုခဲ့သည်။

ထိုင်းနိုင်ငံက အဆိုပြုသည့် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Virasakdi Futrakul ကို မြန်မာစစ်ကောင်စီက သဘောတူခဲ့သော်လည်း ဘရူနိုင်းနိုင်ငံမှ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကိုသာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ယခုလဆန်းပိုင်းတွင် အတည်ပြုခဲ့သည်။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*