မင်းတပ်-မတူပီလမ်း ၃ ရက်အတွင်းသွားနိုင်ရန် စစ်ကောင်စီကြိုးပမ်းနေ၊ နှောင့်ယှက်သူများကို စစ်ရေးအရ အရေးယူမည်ဟု မတူပီမြို့တွင် လိုက်လံကြေညာ 

မင်းတပ်-မတူပီလမ်း ၃ ရက်အတွင်းသွားနိုင်ရန် စစ်ကောင်စီကြိုးပမ်းနေ၊ နှောင့်ယှက်သူများကို စစ်ရေးအရ အရေးယူမည်ဟု မတူပီမြို့တွင် လိုက်လံကြေညာ

 

မတူပီ ၊ အောက်တိုဘာ-၁၃

 

ချင်းပြည်နယ်၊ မင်းတပ်နှင့် မတူပီလမ်းမကြီးကို သုံးရက်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီတပ်များမှ လူအင်အား၊ စက်ယန္တရားအင်အား အများအပြားဖြင့် ပခုက္ကူမြို့မှ မင်းတပ်မြို့ဘက်ကိုတက်လာနေကြပြီး မတူပီမြို့ပေါ်တွင်လည်း လမ်းရှင်းလင်းခြင်းလုပ်ငန်း နှောင့်ယှက်သူများကို တရားဥပဒေအပြင် စစ်ရေးအရပါ ထိရောက်စွာအရေးယူသွားမည်ဟု လိုက်လံ ကြေညာနေကြောင်း ဒေသခံများထံက သိရသည်။

 

”သူတို့(စစ်ကောင်စီတပ်)တွေက မင်းတပ်နှင့် မတူပီလမ်းကြောင်းကို အမြန်ဖွင့်ချင်နေကြတယ်။ ဒီလမ်းကြောင်းမှာ သူတို့တွေ ထိခိုက်ကျဆုံးတာတွေများနေတယ်။ နောက်ပြီးတော့ ဒီလမ်းကြောင်းကနေပဲ ပလက်ဝဘက်ခြမ်း၊ ဆမီးဘက်ခြမ်းကတပ်တွေကို စားရိက္ခာထောက်ပံ့နေရတာ ဆိုတော့ ဒီလမ်းကြောင်းက သူတို့အတွက် အရေးကြီးနေတယ်။ ဒါကြောင့်မနေ့ထဲက ပခုက္ကူဘက်ခြမ်းကနေ တင့်ကား နှစ်စီး၊ စစ်ကားအစီး ၈၀ ကျော် တောင်ပေါ်တက်လာကြတယ်။ ညက ကျောက်ထုလေယာဉ်ကွင်းမှာ အိပ်ကြပြီး အခုမနက်မင်းတပ်ကိုလာနေပြီ”ဟု စစ်ရေးလေ့လာနေသူတစ်ဦးကပြောသည်။

 

သည့်အပြင် မတူပီမြို့၌လည်း ”မင်းတပ်-မတူပီလမ်းကို ရှင်းလင်းမှာဖြစ်တယ်။ ဒီလမ်းကြောင်းပိတ်နေတဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန်ဈေးကြီးပေး ဝယ်နေရတယ်။ ဒါကြောင့် ဒီလမ်းကြောင်းကို ရှင်းလင်းတဲ့အခါမှာ နှောင့်ယှက်ဖျက်ဆီးတာတွေ မလုပ်ကြဖို့ ၊ အကယ်၍ နှောင့်ယှက်ဖျက်ဆီးမယ်ဆိုရင် တရားဥပဒေကြောင်းရ အရေးယူခံရမည့် အပြင် စစ်ရေးအရပါ အရေးယူခံရမည်ဆိုပြီး မတူပီမြို့ပေါ်မှာ နေ့ရောညရောကားနဲ့ လှည့်ပြီးလိုက်အော်နေတာကြားရတယ်” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။

 

မင်းတပ်-မတူပီလမ်းကြောင်းသည် မိုင်ပေါင်း ၁၀၄ မိုင်ဝေးပြီး ချင်းပြည်နယ်တောင်ပိုင်းအတွက် အဓိကလမ်းမကြီးဖြစ်ကာ ပခုက္ကူမှ မင်းတပ်-မတူပီလမ်းမကြီးကို အသုံးပြုပြီး မတူပီမှတစ်ဆင့် ဆမီး၊ ပလက်ဝ၊ ရေဇွာ၊ လိုင်လင်းပီမြို့များကို ဆက်သွယ်အသုံးပြုနေကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*