မအူပင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ဖြင့် ပစ်သတ်ခံရ။

မအူပင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ဖြင့် ပစ်သတ်ခံရ။

August 12,2021

ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့အနီးရှိ မအူပင်ကျေးရွာ၏ အာဏာသိမ်းစစ်တပ် လက်အောက်တွင်ရှိသော ပြည်သူ့ စစ်ခေါင်းဆောင် ဩဂုတ်လ ၁၁ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်ခန့်အချိန်တွင် ပစ်သတ်ခံရကြောင်း သိရသည်။

ပစ်သတ်ခံရသည့် ပြည်သူ့စစ်ခေါင်းဆောင်မှာ ကားမိုင်းမြို့ဘက်မှ NOAH ကားဖြင့် နန့်ယားဘက်သို့ ပြန်လာခဲ့ရာ မအူပင်ကျေးရွာ နှင့် နန့်ယားကျေးရွာကြားတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ကားမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“ပစ်ခတ်ခံရတဲ့သူက မနက်ပိုင်းကနေ ကားမိုင်းကိုသွားလိုက်တာဟုတ်တယ်။ အဲ့ဒါညနေပိုင်းပြန်လာတော့ လမ်းမှာ ပစ်သတ်ခံရတာ ပါ။

ကျေးရွာ ၂ခုရဲ့ ကြားမှာ ဖြစ်သွားတယ်ဆိုတော့ အသံတွေလည်းမကြားလိုက်ရဘူး။ ဒဏ်ရာတွေကြည့်ချက်အရတော့ သေနတ် ဒဏ်ရာတွေဘဲပြောတယ်။

ပြီးရင် ကားပေါ်မှာလည်း သေနတ်ပေါက်ရာတွေဘဲ။ ကားရဲ့နောက်ဖုံး မှန်မှာတင် သေနတ်ထိရာ ၆ ချက်လောက်ရှိတယ်”ဟုပြောဆိုသည်။

မအူပင်ပြည်သူ့စစ်ခေါင်းဆောင်မှာ အသက် ၅၄ နှစ်အရွယ်ရှိသူ ဦးတင်အောင်ခေါ်သူဖြစ်ပြီး သူ၏ကိုယ်ပေါ်တွင် သေနတ် ဒဏ်ရာ ၅ ချက်ထက်မနည်းထိမှန်ထားကာ သေဆုံးနေကြောင်း တွေ့ရသည်ဟု ဆက်ဆိုသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကို မသိရသေး ကြောင်းနှင့် လက်ရှိအချိန်ထိကားမိုင်းမြို့ ရဲတပ်ဖွဲ့မှ လိုက်လံစစ်ဆေးနေသေးကြောင်း ဆက်သိရသည်။

ဦးတင်အောင်သည် ယခင်က မအူပင်ကျေးရွာအတွင်း ပြည်သူ့စစ်ဂိတ်ချ တပ်စွဲနေထိုင်သူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နန့်ယားပြည်သူ့စစ်အဖွဲ့နေရာသို့ သွားရောက် ပူးပေါင်းနေထိုင်ခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Kachin News Group

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*