မိုးရွာသွန်းမှုကြောင့် ပုဂံက သံပျင်စွာဘုရားနံရံ ပြိုကျမှုဖြစ်

မိုးရွာသွန်းမှုကြောင့် ပုဂံက သံပျင်စွာဘုရားနံရံ ပြိုကျမှုဖြစ်

 

ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ယမန်နေ့ ညပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ဘုရား အမှတ် (၁၀၈) သံပျင်စွာဘုရားနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးရွာသွန်းမှုကြောင့် ယနေ့ နံနက် ၄ နာရီခန့်က သံပျင်စွာဘုရား၏ တောင်ဘက် တိုက်မနံရံ ပြိုကျခဲ့ကြောင်း၊ အပေါ်ဘက်မှ ရေစိမ့်ဝင်မှုကြောင့် အိကျပြီး ပြိုကျသွားခြင်း ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဧရာဝတီကို ပြောသည်။

 

၎င်းက “မနေ့က ညသန်းခေါင်လောက်ကစပြီးတော့ တောက်လျှောက်ရွာတာ မနက်မိုင်းလင်းထိပဲ။ မိုးကလည်းများတယ်။ ဒီမနက်အစော ၄ နာရီလောက်မှာ ဂန္ဓကုဋိရဲ့ တောင်ဘက် တိုက်မနံရံ အလျား ပေ ၃၀ လောက်၊ အနံကတော့ ၁၄/၁၅ ပေ၊ ထုကတော့ ၃ ပေလောက် ပြိုကျတယ်။

 

ဘုရားကြီး တခုလုံးရဲ့ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင်တော့ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိ ပါတယ်” ဟု ရှင်းပြသည်။

 

အဆိုပါ ပြိုကျပျက်စီးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေအင်ဂျင်နီယာအဖွဲ့နှင့် ယနေ့ မနက်ကပဲ သွားရောက် ကွင်း ဆင်း တိုင်းတာခဲ့ပြီးနောက် ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဒေါက်တာ သန်းထိုက်က ပြောသည်။

 

ရှေးဟောင်းအမွေအနှစ် ဇုန်အတွင်းရှိ အနောက်ဖွားစော ရွာအပိုင်တွင် တည်ရှီသည့် ဘုရားအမှတ် (၁၀၈) သံပျင်စွာ မြတ် စွာဘုရားသည် အရှေ့ဘက်အရုဏ်ခံမုဒ်၊ အလယ်မဏ္ဍိုင်နှင့် ပတ်လမ်း ပါရှိသော၊ အထက်တွင် ကွမ်းတောင်ပေါက်ထား သည့် ဂူဘုရားတဆူ ဖြစ်သည်။

 

တိုက်မနံရံများ ပြိုကျပျက်စီးမှုကြောင့် အလယ်နံရံကြီးကိုဖုံးပြီး အုတ်ကုန်းပုံစံဖြစ်နေသည့် သံပျင်စွာဘုရားကို ၂၀၀၄ ဒီဇင် ဘာ ၂၄ ရက်တွင် ကိုရီးယားသာသနာပြု အဖွဲ့တဖွဲ့က ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြောင်း၊ ၂၀၁၆ ငလျင်တွင် ကွမ်းတောင် ပြုတ်ကျခဲ့ပြီး အက်ကွဲကြောင်းတချို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၁၇ တွင် အပေါ်ပိုင်း အလေးဝန်လျှော့ချပြီး ထိန်းသိမ်းထားခဲ့ကြောင်း ဒေါက်တာသန်းထိုက်က ပြောသည်။

 

ဆက်လက်၍ ၎င်းက အက်ကွဲကြောင်းများမှတဆင့် ရေစိမ့်ဝင်မှုများ ရှိသဖြင့် ပြန်လည်ပြုပြင်ရန် တင်ပြထားဆဲ အခြေအနေ တွင် ယခုလို ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရားကြီး၏ အလယ်မဏ္ဍိုင်နှင့် အတွင်းပိုင်း အမိုးခုံများမှာ မူလလက်ရာ အ ဖြစ် ကျန်ရှိနေပြီး လက်ရှိ ပြိုကျသွားသော တိုက်မနံရံမှာ ၂၀၀၄ ခုနှစ်က ပြန်ပြင်ထားသည့် အစိတ်အပိုင်းများ ဖြစ်ကြောင်း ရှင်းပြသည်။

 

ပုဂံတွင် ၁၉၉၀ နောက်ပိုင်း ပြန်လည်ပြုပြင်ထားသည့် ဘုရားများ ရှိသလို မူလရှေးခေတ်လက်ရာ ၉၀ ရာခိုင်နှုန်းနီးပါး ကျန်နေသေးသည့် ရှေးဟောင်းဘုရားများစွာလည်းရှိရာ ယခုလို မိုးများသည့် ကာလဖြစ်ပါက နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်းပုဂံဘုရားများအတွက် စိန်ခေါ်မှုတခု ဖြစ်နေကြောင်း ပုဂံဒေသခံ ဧည့်လမ်းညွှန် တဦးဖြစ်သူ ကိုမြင့်နိုင်က ပြောသည်။

 

၎င်းက “အဆောက်အအုံ အများစုက အုတ်နဲ့တည်ဆောက်ကြတယ်။ ဘိလပ်မြေအစား မြေနီသရွတ်ကို သုံးတာများတယ်။ နှစ်ကာလကြာတဲ့အခါ အက်ကွဲကြောင်းတွေ ပေါ်တယ်။

 

မိုးများတဲ့အခါ အက်ကွဲကြောင်းထဲ မိုးရေစိမ့်ဝင်ပြီး ပြိုကျတဲ့ အဖြစ် အပျက်တွေ ရှိတယ်။ နောက်တခုက ဘုရားပေါ်မှာ အပင်ပေါက်တာများတယ်။ အပင်ရဲ့အမြစ်တွေက ဘုရားရဲ့ အုတ်ကြားထဲ ကို ထိုးခွဲသွားတာတွေ ရှိတယ်။ အဲဒီအခါကျ အချိန်မီ မပြုပြင်နိုင်တဲ့အခါ မိုးရေစိမ့်ဝင်ပြီး ပြိုကျတာတွေ ရှိတယ်။ မိုးကောင်း တဲ့ နှစ်တွေဆိုရင် ပိုပြီးတော့ ဂရုစိုက်ရတယ်။ မိုကောင်းတဲ့ နှစ်တွေဆိုရင် အပျက်အစီးများတယ်” ဟု ပြောသည်။

 

ယခုနှစ်သည် ယခင်နှစ်များထက် မိုးများသည့်နှစ်ဟု ပြောနိုင်ပြီး မိုးဦး၊ မိုးလယ် မိုးကောင်းနေသည်ဟုလည်း ၎င်းက ဆိုသည်။

 

ဒေါက်တာသန်းထိုက်ကလည်း ယခုလို မိုးနှင့်ကြုံပါက တိုက်မနံရံ အက်ကွဲကြောင်းများမှတဆင့် မိုးရေစိမ့်ဝင်မှုများကြောင့် စေတီအတွင်းရှိ စဉ့်ကွင်းလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတွေ ပန်းလက်ရာများ အနည်းနှင့်များဆိုသလို ထိခိုက်မှု ရှိနိုင်ကြောင်း၊ အချိန်မီ ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ် လုပ်သွားနိုင်ရန် လိုအပ်ကြောင်း၊ မိုးရေချိန် များမှုက ပုဂံဘုရား များအတွက် ခြိမ်းခြောက်မှုတခု ဖြစ်နေကြောင်း ပြောဆိုသည်။

 

“အဓိကတော့ စေတီလုံးထက်စာရင် ပုဂံမှာက ဂန္ဓကုဋိရှိတဲ့ လိုဏ်ပါတဲ့ဘုရားတွေပေါ့။ စေတီလုံး ဘုရားတွေက အထိအ ခိုက် အပျက်အစီး အရမ်းနည်းတယ် ဆိုပေမယ့် တချို့ထိခိုက်ထားတဲ့ အပိုင်းလေးတွေတော့ ရှိတာပေါ့။

 

အများစုကတော့ ဒီလိုဏ်ပါတဲ့ ဂန္ဓကုဋိရှိတဲ့ ဂူဘုရားတွေမှာ အတွင်းထဲမှာရှိတဲ့ အင်္ဂတွေပန်းလက်ရာတွေ၊ နံရံပန်းချီ အစိတ်အပိုင်းတွေ၊ စဉ့်ကွင်းစဉ့်ချပ်တွေ ဒီလို အပိုင်းလေးတွေ တချို့ ပြုတ်ကျတာ ရှိတယ်။ အဲဒါတွေ ပြန်လည်ထိန်းသိမ်းဖို့ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

 

ယမန်နေ့ညပိုင်းမှ နံနက်မိုးလင်းထိ ရွာသွန်းခဲ့သည့် မိုးကြောင့် ပုဂံမြို့သစ်ရှိ ရပ်ကွက်အချို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ နေအိမ်များအတွင်းထိ ရေများဝင်နေသောကြောင့် ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေရသည်ဟုလည်း ဒေသခံ များထံမှ သိရသည်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*