မြန်မာဂိုးသမား ပြည့်လျှံအောင် ဂျပန်တွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရရှိ

မြန်မာဂိုးသမား ပြည့်လျှံအောင် ဂျပန်တွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရရှိ

ဩဂုတ် ၁၃

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာရန် ငြင်းဆန်ခဲ့သည့် လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်သည် ယခုအခါ ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ်‌ ရေရှည် နေထိုင်ခွင့် ရရှိသွားပြီ ဖြစ်ကြောင်း ထိုကိစ္စကို သိရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်တွင် ပြောသည်။

ဂျပန်အစိုးရသည် ဂိုးသမား ပြည့်လျှံအောင်၏ ခိုလှုံခွင့် လျှောက်ထားမှုကို လက်ခံ ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်းနှင့် အကြောင်းမှာ ၎င်းအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်သွားပါက နှိပ်ကွပ်ညှင်းပန်းမှုနှင့် ရင်ဆိုင်ရနိုင်၍ ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ် ပြောခဲ့သည်။ ၎င်းအား ယခုကဲ့သို့ ခွင့်ပြုပေးလိုက်သည့် အခြေအနေနှင့်ပတ်သက်ပြီး အသိပေးစာကို သြဂုတ် ၂၀ ရက်တွင် အာဏာပိုင်များက တရားဝင် ပေးပို့အကြောင်းကြားလိမ့်ဟုလည်း သိရသည်။

Kyodo News သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြည့်လျှံအောင်က ၎င်းအနေဖြင့် “သတင်းကောင်း” ကြားသိရပြီး အင်မတန် ဝမ်းသာပျော်ရွှင်နေမိကြောင်း ပြောခဲ့သလို ယခုသတင်းကို မြန်မာနိုင်ငံရှိ ၎င်း၏ မိသားစုထံ ပြန်ပြောပြထားပြီးဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် အိမ်မပြန်နိုင်သော်လည်း မိခင်နိုင်ငံကို လွမ်းဆွတ်မိနေကြောင်း ပြောသွားခဲ့သည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရခြင်းကြောင့် ပြည့်လျှံအောင်အနေဖြင့် ဂျပန်နိုင်ငံတွင် ကာလရှည်နေထိုင်သူတစ်ဦးအဖြစ် နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ယိုကိုဟားမားရှိ J-League တတိယတန်း အသင်းတစ်သင်းတွင် ပူးပေါင်းပြီး လေ့ကျင့်မှုများ လုပ်ဆောင်နေခဲ့သည်။

မြန်မာ့လက်ရွေးစင် အရန်ဂိုးသမား ပြည့်လျှံအောင်သည် ပြီးခဲ့သည့် မေလကုန်ပိုင်းက ဂျပန်အသင်းနှင့် မြန်မာအသင်းအကြား ပွဲစဉ်တစ်ပွဲတွင် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သောအားဖြင့် လက်သုံးချောင်းထောင် ဆန္ဒပြခဲ့သည်။ ၎င်းသည် အများဆုံး ရက် ၉၀ သာ နေထိုင်ခွင့်ရှိသည့် ကာလတို ဗီဇာတစ်ခုနှင့်အတူ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ အသင်းသားတစ်ဦးအဖြစ် ထိုလအစောပိုင်းက ဂျပန်နိုင်ငံသို့ ဝင်‌ရောက်ခဲ့သည်။

ယင်းနောက် ဇူလိုင် ၁၆ ရက်တွင် မြန်မာအသင်း ဂျပန်နိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မည်အချိန်တွင် ပြည့်လျှံအောင်သည် ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်မလိုက်လိုဘဲ ဂျပန်နိုင်ငံတွင် ဆက်နေလိုကြောင်း အိုဆာကာစီရင်စု ကန်ဆိုင်းလေဆိပ်မှ လူဝင်မှုအရာရှိများကို ပြောကြားခဲ့သည်။

၎င်းသည် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့် လက်သုံးချောင်ထောင် သင်္ကေတကို ပြသခဲ့မှုအတွက် နိုင်ငံသို့ ပြန်သွားပါက အသက်ဘေး စိုးရိမ်ရသည့်အတွက် အသင်းနှင့်အတူ ပြန်လိုက်မသွားတော့ဘဲ ဂျပန်တွင် ဆက်ရှိနေခဲ့ကာ ဒုက္ခသည်အဖြစ် နေထိုင်ခွင့် တရားဝင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*