ရခိုင်တွင် စစ်ကောင်စီတပ် အင်အားတိုးချဲ့နေ

ရခိုင်တွင် စစ်ကောင်စီတပ် အင်အားတိုးချဲ့နေ

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့တွင် သြဂုတ်ဒုတိယအပတ်မှ စတင်၍  စစ်တပ်က ရိက္ခာနှင့် စစ်သည်အင်အား အားဖြည့်တင်းနေသည့်အပြင် လမ်းပေါ်တွင်လည်း အရပ်သားများ ရပ်တန့်စစ်ဆေးခံနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်ဒုတိယပတ်ခန့်တွင် ရသေ့တောင်မြို့နယ်မှ ဘူးသီးတောင်မြို့နယ်ဘက်သို့ စစ်သားအပြည့်တင်ထားသော စစ်ကား ၅ စီး ထွက်ခွာသွားကြောင်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာသားတစ်ဦးက ပြောသည်။ 

“အဝေးက မြင်ရတာဆိုတော့ အင်အားဘယ်လောက်ပါတယ်ဆိုတာကို သေချာ မခန့်မှန်းနိုင်ဘူး။ ကား ၅ စီး လောက် ပါတယ်။ ဘူးသီးတောင်ဘက်ကို သွားတာလို့ သိရပါတယ်။ တစ်ခါတလေ ရိက္ခာတွေတင်တာလည်း တွေ့ရတယ်” ဟု ထိုအမျိုးသားက ဆိုသည်။

စစ်ရေးလှုပ်ရှားမှုများသည် ရခိုင်ဒေသအတွက် အသစ်အဆန်းမဟုတ်ပေ။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကဆိုလျှင် တိုက်ပွဲများ ၂ နှစ်ကြာ အဆက်မပြတ်ဖြစ်ခဲ့သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများဖြစ်သော ဘူးသီးတောင်မြို့နယ်မြောက်ဖက် ၄ မိုင်အကွာရှိ အုတ်တောင်ရွာတဝိုက်နှင့် စိုင်းဒင်တံတားတို့ ဘက်တွင်လည်း စစ်ကောင်စီဘက်မှ တပ်အင်အားများလာသည်ကို မြင်တွေ့ရသည်၊ နှစ်ဘက်တပ်များ နီးကပ်စွာ တည်ရှိလာသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ 

“အင်အားတိုးနေတာတော့ ဟုတ်တယ်။ သူတို့က ၃၁ ဘုံဘုရား၊ စံဂိုးထောင်ဘက်တွေမှာ အင်အားဖြည့်တယ်။ လူတချို့တဝက်ကို အလှည့်အပြောင်းလုပ်တယ်၊ ရိက္ခာဖြည့်တယ်။ အုတ်တောင်ဘက်တွေမှာလည်း ထပ်ပြီးတော့ တပ်စွဲထားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA နှင့် စစ်တပ်တို့ နှစ်နှစ်တာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး အပစ်ရပ်နေသည်မှာ ၉ လခန့်သာ ရှိသေးသည်။ 

အပစ်မရပ်မီကပင် AA က တောင်ပိုင်းတွင်လည်း လှုပ်ရှားမှုရှိခဲ့သည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် အမတ်လောင်း ၃ ဦးကို ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ် ဖောင်းကားကျွန်းတွင် ဖမ်းခေါ်သွားပြီး ရက် ၈၀ နီးပါး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ထိုကာလမှ စတင်အပစ်ရပ်ခဲ့ပြီးနောက်ပိုင်း AA သည် ပြည်နယ်အတွင်း အထူးသဖြင့် ရခိုင်မြောက်ပိုင်းတွင် ဒေသခံများအပေါ် ဩဇာအာဏာကြီးမားလာပြီး ကိုဗစ်ဆိုင်ရာ စည်းကမ်းများထုတ်ပြန်ခြင်း၊ တရားစီရင်ရေးကဲ့သို့ ကိစ္စရပ်များ ဆောင်ရွက်လာသည်။

စစ်ကောင်စီကလည်း ဩဂုတ်ပထမပတ်မှ စတင်ကာ ကိုဗစ်အကြောင်းပြ၍  ဒေသတွင်း ဧည့်စာရင်းတိုင်ရန်နှင့် ဧည့်စာရင်းစစ်သည်ဆိုကာ လူနေရပ်ကွက်အတွင်း လူသူလက်နက်အင်အားပြခြင်း၊ သွားလာနေသည့် လမ်းသွားလမ်းလာများကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ပြန်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ 

ထိုသို့ ULA/AA ၏ ဒေသတွင်းလုပ်ဆောင်နေမှုများကို စစ်ကောင်စီက ကန့်ကွက်နေကြောင်း AA စစ်ဦးစီးချုပ်က သြဂုတ် ၁၅ တွင် အာရက္ခမီဒီယာ (ARAKHA-Media) ကို အွန်လိုင်းမှတစ်ဆင့် ဖြေကြားထားသည်။

“ကျွန်တော်တို့က ပြဿနာကို နိုင်ငံ‌ရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားပါတယ်။ သို့သော် တခြားတစ်ဘက်က စစ်ရေးအရ ရန်လိုမှုပြတာတွေ ရှိတယ်။ နောက်ပြီးတော ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းတွေကို သူတို့ဘက်က လက်မခံနိုင်၊ ကန့်ကွက်တာတွေ အခါခါကြုံရပါတယ်။ သူတို့ဘက်ကကြည့်ရင်လည်း သူတို့မှန်တယ်လို့ ထင်မယ်။ ကျွန်တော်တို့ဘက်ကကြည့်ရင်လည်း ကျွန်တော်တို့ လုပ်သင့်တာလုပ်နေတာ ဖြစ်တယ်။ အဲဒါတွေကို နားလည်မှုမယူဘဲ စစ်ရေးအရ တင်းကျပ်လာတာ၊ ခြိမ်းခြောက်လာတာတွေကို သတိထားပြီးစောင့်ကြည့်နေတယ်” ဟု ၎င်းက ပြောသည်။ 

လတ်တလောတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလဖြစ်နေပြီး မိုးကာလဖြစ်နေ၍ ပြည်သူများ စားဝတ်နေရေး အခက်အခဲများရှိနေသောကြောင့် စစ်ရေးအရ ပြဿနာမဖြစ်အောင် အချိန်အတိုင်းအတာတစ်ခုထိ ရှောင်ရှားရန် AA မြေပြင်တပ်မှူးများကို ညွှန်ကြားထားသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ရသေ့တောင်မြို့နယ်ဘက်သို့လည်း စစ်တပ်က စစ်ရေးတိုးချဲ့လှုပ်ရှားနေကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ 

သြဂုတ် ၁၂၊ ၁၃၊ ၁၄ တို့တွင် စစ်သည်တင် ဇက်ရေယာဉ်တစ်စီး စစ်တွေမြို့၊ ရေချမ်းပြင်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ်ဘက်သို့ ထွက်ခွာသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာသားတစ်ဦးက ပြောသည်။ 

“ဇက်က စစ်တွေကနေ မယူ(မေယု)မြစ်ကြောင်းအတိုင်း လာပြီးတော့ ထီးစွဲမှာ ကပ်တယ်။ အဲဒီမှာ လူတင်တယ်၊ ရိက္ခာတင်တယ်။ အဲဒီကနေပြီးတော့ သူတို့က အမျက်တောင်ကို သွားတယ်။ အမျက်တောင်ကနေပြီးတော့ ရေစိုးချောင်းဗျူဟာကုန်းအထိ သွားတယ်။ ဇက်က  ၁၂ ရက်နေ့နဲ့ ၁၃ ရက် နှစ်ရက်ဆက်တိုက် ၉ ကြိမ်တင်လာပြီး (စစ်သား၊ လက်နက်၊ ရိက္ခာ) ချပေးတယ်” ဟု ၎င်းမြင်တွေ့ခဲ့ရပုံကို ပြောသည်။

သြဂုတ် ၁၂၊ ၁၃ တို့တွင် ၎င်းဇက်ရေယာဉ်က ထီးစွဲကျေးရွာအနီးရှိ ဆိပ်ကမ်းတွင် စစ်သည်အင်အား ၂၀၀ ၀န်းကျင်ကို ၉ ကြိမ်ခန့် အတင်အချလုပ်ခဲ့သည်ဟု ၎င်းရွာသားက ဆက်ပြောသည်။

ရသေ့တောင်မြို့နှင့် ကျောက်တန်းရွာသည် ၈ မိုင်ခန့် အကွာအဝေးရှိပြီး ထီးစွဲရွာသည် ကျောက်တန်းရွာမှ တစ်မိုင်အကွာခန့်တွင် ရှိပြီး အမျက်တောင်နှင့် မညင်းတောင်ရွာများသည် ကပ်လျက်ရွာများ ဖြစ်သည်။ 

ထူးခြားသည့် စစ်ရေးလှုပ်ရှားမှုမှာ တိုက်ပွဲအတွက်လည်း ဖြစ်နိုင်သည်ဟု ကျောက်တန်းရွာမှ ဒေသခံနောက်တစ်ဦးက ယူဆသည်။

“ထီးစွဲဘက်ကို တင်တယ် ။ နောက်ပြီးတော့ အမျက်တောင်၊ မညင်းတောင်ဘက်တွေကိုလည်း ဇက်တွေနဲ့ တင်တယ်။ သြဂုတ်လ ၁၄ ရက်နေ့ကပါ။ လူအင်အား ဘယ်လောက်ပါတယ် ဆိုတာကိုတော့ သွားပြီး မကြည့်ရဲတော့ မသိဘူး။ တိုက်ပွဲကတော့ ဖြစ်မယ်ထင်တယ်” ဟု ၎င်းမြင်တွေ့ရပုံကို ပြောသည်။  

နှစ်ဘက်တပ်ကြား ထိပ်တိုက်တွေ့မှုတစ်ခု ဇွန် ၂၆ တွင် ပေါ်ပေါက်ခဲ့သေးသည်။ 

ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ ခန့်ကို AA က ပိတ်ဆို့ကာ လက်နက်များသိမ်းယူခဲ့သော်လည်း လူငယ်သဘာဝဖြစ်ပွားသော ထိုပြဿနာကို စစ်တပ်နှင့် ပြေလည်အောင် ဖြေရှင်းပြီး ဖြစ်သည်ဟု AA က Myanmar Now ကို ပြောသည်။ 

စစ်ကောင်စီက ရန်ကုန်နှင့် အခြားမြို့ကြီးများရှိ ဆန့်ကျင်ကန့်ကွက်သူများ၊ အံတုသူများကို နှိပ်ကွပ်ရန် စစ်တပ်အင်အား အများအပြားသုံးနေရသည့်အပြင် ခုခံစစ်ဆင်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကိုလည်း တိုက်ခိုက်ရန်လည်း အင်အားအလုံးအရင်း သုံးနေရသည်။

ဤသို့သော အခြေအနေတွင် AA နှင့် လက်နက်ကိုင်အဖွဲ့တချို့က အပစ်ရပ်ထားခြင်းမှာ အာဏာသိမ်းစစ်ကောင်စီအတွက် အသက်ရှူချောင်စေသည်ဟု သုံးသပ်သူများလည်း ရှိသည်။

AA  ၏ အပစ်ရပ်ထားခြင်းသည် စစ်ကောင်စီအပေါ် အားပေးကူညီရာရောက်မရောက် ပြန်စဉ်းစားသင့်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက သြဂုတ် ၉ တွင် ရခိုင်အခြေစိုက် Western News သတင်းဌာနသို့ ပြောဆိုထားသည်။

စစ်ကောင်စီနှင့် ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း နိုင်ငံရေးအရ အပေးအယူ ကတိကဝတ် စာချုပ်စာတန်းများ လုပ်ဆောင်ထားခြင်း မရှိကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခမီဒီယာမှတစ်ဆင့် တုံ့ပြန်ပြောဆိုခဲ့သည်။

ဥပဒေကြောင်းအရ သက်သေခိုင်မာမှုမရှိဘဲ ဖမ်းဆီးခံထားရသူများကို လွှတ်ပေးခြင်းသာရှိကြောင်း၊ စစ်ကောင်စီနှင့် AA တို့ကြား အွန်လိုင်းမှတစ်ဆင့် အလွတ်သဘောဆွေး‌နွေးခဲ့ပြီးနောက် နှစ်ဖက် ယုံကြည်မှုတည်ဆောက်သည့်အနေဖြင့်  ထိုသို့ လွှတ်ပေးခြင်းဖြစ်ကြောင်း  ၎င်းက ဆိုသည်။

နှစ်ဖက် အပစ်အခတ်ရပ်စဲပြီးနောက် AA က ကာလရှည်ဖမ်းဆီးထားသည့် ရွှေနဒီအမြန်ယာဉ်မှ ရဲနှင့် စစ်သားများကို ပြန်လွှတ်ပေးလိုက်ပြီး စစ်တပ်ကလည်း AA စစ်ဦးစီးချုပ်၏ ညီနှင့် နှမအပါအဝင် ဆက်နွယ်သူတချို့ကို မကြာသေးမီက ပြန်လွှတ်ပေးလိုက်သည်။ 

သို့သော်လည်း AA တပ်ဖွဲ့ဝင်တချို့နှင့် ရခိုင်ပြည်သူတချို့ကို စစ်တပ်က ပြန်လွှတ်ပေးခြင်း မရှိသေးဘဲ အကြမ်းဖက်တိုက်ဖျက်ရေးဥပ‌ဒေပုဒ်မများနှင့် စီရင်ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ကြားသိရကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းအင်တာဗျူးတွင် ပြောခဲ့သည်။

 AA နှင့် ဆက်သွယ်ကာ ဖောက်ခွဲရေးပစ္စည်းများ ဖြန့်ဖြူးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၉ တွင် အဖမ်းခံရသူ အမျိုးသား ၆ ဦးမှာ ဇူလိုင် ၁၆ တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင် ၈ နှစ်မှ ၁၃ နှစ်ကြား ချမှတ်ခံခဲ့ရသည်။ 

၎င်း ၆ ဦးထဲတွင်  ၃ ဦးသည် AA မှ ဒုအရာခံဗိုလ်၊ ဒုတပ်ကြပ်ကြီးများအဖြစ် ရဲတပ်ဖွဲ့က ဖော်ပြ တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ နှစ်ရှည်ချမှတ်ခြင်းအပေါ် ရခိုင်ဒေသခံအများအပြား ဝေဖန်ခဲ့ကြသည်။ 

ယခုရက်ပိုင်းအတွင်း အမ်း-မအီကားလမ်းမနှင့် အမ်း- မြေပုံကားလမ်းမပေါ်တွင် စစ်တပ်က လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ဟု ဒေသတွင်း လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

“ဒီရက်ပိုင်း ကျေးရွာတွေမှာ သန်းခေါင်စာရင်းကောက်တာတို့၊ လူဦးရေ၊ နာမည် အပြည့်အစုံတောင်းတာတွေ ရှိနေတယ်။ သူတို့ (စစ်တပ်) က ကားလမ်းတစ်လျှောက် ရွာနားတွေ၊ တောင်နားတွေကို အစုလိုက်၊ အစုလိုက် ချထားတာတွေ ရှိတယ်။ အမ်းမြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ နယ်ဘက်ရွာ အနီးဝန်းကျင်တွေမှာ ကင်းပုန်းဝပ်တာတွေ လုပ်တယ်။ ဘယ်ရွာတွေလဲဆိုရင် စနဲရွာမှာဆိုရင် စာသင်ကျောင်းမှာနေတာ ၃ ရက်လောက်ရှိနေပြီ” ဟု ၎င်းက ပြောသည်။

အမ်းမြို့သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသောကြောင့် စစ်တပ်အားကောင်းရာဒေသလည်း ဖြစ်သည်။ 

နှစ်နှစ်တာ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ‌ဒေသခံများသည် စစ်ဒဏ်ကို အလူးအလဲခံစားခဲ့ရပြီး တိုက်ပွဲကြောင့် သေကြေခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ နေအိမ်နှင့် လယ်ယာများ ပျက်စီးခြင်းများ၊ AA သံသယဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းနှင့် တရားစွဲဆိုခြင်းများ ကြုံတွေ့ခံစားခဲ့ရသည်။

ထို့ပြင် လူဦးရေ တစ်သိန်းခွဲခန့်သည် နီးစပ်ရာစစ်ရှောင်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ပြီး နေအိမ်ပျက်စီးခြင်း၊ စစ်တပ်တပ်စွဲထားခြင်း၊ မိုင်းနှင့် လက်နက်ကြီးကျည်ဆန်ကဲ့သို့ စစ်ကျန်လက်နက်အန္တရာယ် ရှိနေခြင်းကြောင့် နေရပ်မပြန်နိုင် ဖြစ်နေကြသည်။ 

ပြီးခဲ့သည့် ဧပြီ ၇ က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင် ၆၀ ခန့်ကို စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်ပို့ခဲ့ပြီး အသုံးအဆောင်ပစ္စည်းများ၊ တစ်လစာ စားနပ်ရိက္ခာနှင့် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သိန်းစီဖြင့် စစ်ကောင်စီက မက်လုံးပေးခဲ့သော်လည်း စစ်ရှောင်အများစုက နေရပ်မပြန်ရဲကြပေ။

“စစ်ဘေးရှောင်ဘဝနဲ့ ရွာမပြန်ရတာ ၃ နှစ်လောက်ရှိနေပါပြီ။ ကျွန်တော်တို့ နွားရုံတောင်ရွာဘက်မှာ အရင်က ရှိခဲ့တဲ့ စစ်တပ်နဲ့ နောက်တစ်ဖွဲ့ရောက်နေတယ်လို့ ကြားတယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်နိုင်တာက တစ်ဖုံ၊ စားဝတ်နေရေး မပြေလည်တာကတစ်ပိုင်း၊ လမ်းခရီးတွေကလည်း လာမရလာဆိုတော့ ကျွန်တော်တို့ဘက်က ဘာပြောလို့ရမှာလဲ” ဟု ဘူးသီးတောင်နွားရုံတောင်ကျေးရွာမှ လာရောက်ခိုလှုံနေသူ အသက် ၄၅ ဝန်းကျင် စစ်ရှောင်အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

လက်ရှိတွင် ဘူးသီးတောင်မြို့ပေါ်တွင် ဖွင့်လှစ်ထားသော အိမ်ထောင်စု ၂၀၀ ခန့် (လူဦးရေ ၈၀၀ ဝန်းကျင်) ခိုလှုံနေသည့် ရန်အောင်မြေစစ်ဘေးရှောင်စခန်း၌ မိသားစုဝင် ၄ ဦးနှင့်အတူ ခိုလှုံနေထိုင်နေပြီး ရခိုင်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာဖွယ်ရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

“တိုက်ပွဲတော့ ထပ်ဖြစ်မယ်ထင်ပါတယ်။ မူတွေပြောင်းနေတယ်။ ပေါ်လစီတွေက ပြောင်းနေတယ်။ မူမမှန်ဘူး။ စစ်သားတွေကို လမ်းတွေမှာ သွားလာနေတာကို မြင်တွေ့နေရတယ်။ အခုဆိုရင် စစ်သားတွေက စစ်ဆေးမှုတွေ အများကြီးလုပ်လာတယ်။ ဘူးသီးတောင်မြို့ အရှေ့ဘက်ကိုသွားရင် တံတားတိုင်းမှာ စစ်ဆေးမှုတွေလုပ်နေတယ်။ အခုနောက်ပိုင်း ခရီးသည်တွေလည်း ဆင်းပြီးတော့ လူဦးရေ ဘယ်လောက်၊ နာမည်စာရင်းတွေလည်း ပေးရတယ်” ဟု ၎င်းစစ်ရှောင်အမျိုးသားက ကြားသိရသော အခြေအနေကို ပြောသည်။ 

၂၀၁၇ တွင် စစ်တပ်က ရခိုင်ပြည်နယ်အတွင်း  နယ်မြေရှင်းလင်းစဉ် ဒေသခံ မွတ်စလင်များကို အများအပြားသတ်ဖြတ်ရာ ထိုအထဲတွင် အင်းဒင်ကျေးရွာသား ၁၀ ဦး သတ်ဖြတ်ခံရမှုလည်း ပါဝင်ခဲ့သည်။ စစ်တပ်၏ အဆိုပါ လုပ်ရပ်များကြောင့် ရိုဟင်ဂျာမွတ်စလင် ၇၃၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရသည်။ 

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*