ရန်ကုန်တွင် ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူ အရေအတွက် ၁၀၀၀ နီးပါး ရှိလာ၊ အိမ်စီးကား၊ လိုက်ထ ရပ်ကားများဖြင့် အလောင်းများကို သုဿာန်ပို့နေရ

ရန်ကုန်တွင် ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူ အရေအတွက် ၁၀၀၀ နီးပါး ရှိလာ၊ အိမ်စီးကား၊ လိုက်ထ ရပ်ကားများဖြင့် အလောင်းများကို သုဿာန်ပို့နေရ

ရန်ကုန်၊ ဇူလိုင် ၁၉

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကူးစက်မှု ပြင်းထန်လာချိန် ရန်ကုန်တွင် ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူ အရေအတွက် ၁၀၀၀ နီးပါးရှိလာပြီဖြစ်ပြီး အလောင်းတင်သည့် နာရေးကူညီမှု ကားများ ခေါ်ယူမရတော့၍ အိမ်စီးကား၊ လိုက်ထရပ်ကားများဖြင့် အလောင်းများကို သုဿာန်ပို့နေရကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်းတချို့ထံမှ သိရှိရသည်။

“သုဿာန်တွေက မူပြောင်းသွားတယ်။ ကျနော်တို့ နာရေးကူညီမှုအသင်းတွေက သုဿာန်ကို အလောင်းတွေ သွားပို့တဲ့အခါမှာ အလောင်းတွေကို ချပြီး ပြန်ထွက်ခွင့်မရဘူး။ ကိုယ်တင်လာတဲ့ အလောင်းကို အလှည့်ကျတဲ့အထိ ကားပေါ်မှာ အလောင်းတင်ပြီး စောင့်နေရတယ်။ အဲဒီတော့ အလောင်း တစ်လောင်းသွားပို့ရင် သုဿာန်မှာ အနည်းဆုံး ၃ နာရီလောက် ကြာတယ်။ အဲဒီတော့ နောက်အလောင်းတွေလည်း မသယ်နိုင်တော့ဘူး။ ကျနော်တို့ သုဿာန်သွားပို့ရင် အနည်းဆုံး အလောင်း ၂ လောင်းနဲ့ ၃ လောင်းကြား တင်သွားလိုက်ရတယ်။ အလောင်းလာသယ်ဖို့ ခေါ်တဲ့ဖုန်းတွေ အားလုံး ငြင်းရတယ်” ဟု နာရေးကူညီမှုအသင်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နာရေးကူညီမှုအသင်းများက အလောင်းသယ်ယူရန် ရက်ချိန်းများ ပြန်ပေးနေသဖြင့် နာရေး ရှိနေသော ပြည်သူများက စုပေါင်းကားငှား၍ လည်းကောင်း၊ မိမိတို့ အိမ်စီးကားများဖြင့်လည်းကောင်း သုဿာန်သို့ အလောင်းများ ပို့ဆောင်နေရသည်ဟု သိရှိရသည်။

“ကျီစုသုဿာန်မှာ ကျနော်တို့ လိုက်ထရပ်တစ်စီး တွေ့တယ်။ အလောင်း ၃ လောင်းတင်လာတယ်။ ရပ်ကွက်တစ်ခုတည်းက လမ်း ၃ လမ်း နာရေးကို ပေါင်းပြီး ကားငှားလာတယ်။ မေးကြည့်တော့ နာရေးကားမရတော့ ရပ်ကွက်ကစုပေါင်းပြီး လာပို့တာ။ အိမ်စီးကားတွေနဲ့ လာပို့တာတွေလည်းရှိတယ်။ ဒါကတော့ တကယ့်အခြေအနေမှန်ပါပဲ” ဟု တောင်ဒဂုံမှ နာရေးကူညီမှုအသင်း တာဝန်ရှိသူက ဆိုသည်။

နာရေးကူညီမှု အသင်းတချို့၏ ခန့်မှန်းချက်အရ ရန်ကုန်တွင် သေဆုံးနှုန်းတက်လာပြီး တစ်နေ့လျှင် အလောင်း ၁၀၀၀ နီးပါး ရှိလာသည်ဟု ဆိုကြသည်။

“အခုနောက်ပိုင်း အလောင်းသယ်ဖို့ ဆက်သွယ်လာတာ ပိုများတယ်။ ကျနော်တို့လည်း ကူညီပေးနိုင်မှု နည်းလာတယ်။ ကျနော်ထင်ပါတယ် ။ ရန်ကုန် သုဿာန် ၄ ခုမှာ ၁၀၀၀ လောက်တော့ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သေနှုန်းတက်နေတာတော့ ကျနော်တို့ သိသိသာသာကြီးကို မြင်တွေ့နေရပါတယ်” ဟု နာရေးကူညီမှုအသင်း တာဝန်ရှိသူက ဆိုသည်။

ဓာတ်ပုံ- ဇူလိုင်လ ၁၈ ရက်နေ့က စမ်းချောင်းမြို့နယ်တွင် အလောင်း ၃ လောင်းထပ်၍ နာရေးပို့နေရစဉ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*