ရန်ကုန်တွင် နေ့စဉ် သေဆုံးသူ ၁၂၀၀ ကျော်မြင့်တက်လာပြီး စည်ပင်က ၂၄ နာရီ ပတ်လုံး သဂြိုလ်ပေးနေဟု စစ်ကောင်စီ သတင်းထုတ်ပြန်

ရန်ကုန်တွင် နေ့စဉ် သေဆုံးသူ ၁၂၀၀ ကျော်မြင့်တက်လာပြီး စည်ပင်က ၂၄ နာရီ ပတ်လုံး သဂြိုလ်ပေးနေဟု စစ်ကောင်စီ သတင်းထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၀

လူဦးရေ ၆ သန်းကျော်နေထိုင်သော ရန်ကုန်တွင် နေ့စဉ် သေဆုံးသူ အရေအတွက် ၁၂၀၀ ကျော်ရှိလာပြီး စည်ပင်က ၂၄ နာရီပတ်လုံး ဝန်ထမ်းများကို အဆိုင်း ၃ ဆိုင်းခွဲကာ သဂြိုလ်ပေးနေရကြောင်း ရန်ကုန်စည်ပင်ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်၏ ပြောဆိုချက်ကို ကိုးကား၍ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက သတင်းဖော်ပြသည်။

ရန်ကုန် သုဿာန် ၇ ခုတွင် အလောင်းများကို သဂြိုလ်ပေးနေကြောင်း၊ ပုံမှန်အားဖြင့် သုဿာန်များတွင် အလောင်းနေ့စဉ် ၁၀၀ မှ ၁၅၀ အကြား ပျှမ်းမျှသာရှိကြောင်း၊ ယင်းနောက် ဇူလိုင်လဆန်းပိုင်းတွင် အလောင်းများ များပြားလာကြောင်း၊ အဆိုင်း ၂ ဆိုင်းခွဲ၍ မီးသဂြိုလ်ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင် အလောင်းများ ထပ်မံများပြားလာ၍ အဆိုင်း ၃ ဆိုင်း ခွဲ၍ သဂြိုလ်ရကြောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တွင်မူ အလောင်းစုစုပေါင်း ၁၂၃၄ လောင်းရှိလာကြောင်း ၎င်းက ဆိုသည်။

“မနေ့(ဇူလိုင်လ ၁၈ ရက်နေ့ )ကဆိုရင် ကိုဗစ်လူနာ ၁၆၉ လောင်း၊ အခြားရော ဂါနဲ့ ဆုံးတာက အလောင်း ၈၀၀ ကျော်ပါတယ်။ မနေ့က ၁၂၃၄ လောင်း သဂြိုလ်ရတယ်” ဟု ဒေါက်တာအောင်မြင့်မော်ကဆိုသည်။

နာရေးကူညီနေသော ပရဟိတအဖွဲ့များကမူ လက်ရှိ ရန်ကုန်၏ လူသေဆုံးနှုန်းသည် မြင့်တက်လာကြောင်း၊ အများစုသော ပြည်သူများမှာ အောက်စီဂျင်မရ၍ သေဆုံးသူများဖြစ်ပြီး ကိုဗစ်ရောဂါခံစားနေရသူများဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါ သေဆုံးသူများကို စစ်ကောင်စီဘက်က ကိုဗစ်လူနာများအဖြစ်သတ်မှတ်ထားခြင်းမရှိကြောင်း၊ အသက်အရွယ်ကြီးရင့်သူများ အဓိက ပါဝင်ကြောင်း ပြောဆိုကြသည်။

ဓာတ်ပုံ- ထိန်ပင်သုဿာန်တွင် ယခုရက်ပိုင်းအတွင် စုပုံနေသော အလောင်းများ။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*