ရန်ကုန်နှင့် မန္တလေးတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်များက ပစ်ခတ်သတ်ဖြတ် PDF ဟု ဆိုကာ လက်နက်များဖြင့် အမှုဆင်ဓာတ်ပုံရိုက်ကူး သတင်းထုတ်ပြန်

ရန်ကုန်နှင့် မန္တလေးတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်များက ပစ်ခတ်သတ်ဖြတ်၊ PDF ဟု ဆိုကာ လက်နက်များဖြင့် အမှုဆင်ဓာတ်ပုံရိုက်ကူး သတင်းထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၁

အကြမ်းဖက် စစ်ကောင်စီတပ်များက ရန်ကုန်နှင့် မန္တလေးတွင် ပြည်သူ ၃ ဦးကို PDF ဟု ဆိုကာ ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တံငှာတောင်ကျေးရွာတွင် ယမန်နေ့ ညပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာသား ၂ ဦးကို သတ်ဖြတ်ကြောင်း၊ ယင်းနောက် မော်လိုက်သတင်းတပ်ဖွဲ့မှ CDM ရဲတပ်ဖွဲ့ဝင် ဦးဝင်းနိုင်စိုး၊ ဦးရန်နောင် နှင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဆန်းထွန်း တို့ ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“စစ်တပ်က ရွာကို ဝင်စီးတော့ အားလုံး ထွက်ပြေးတယ်။ အဲဒါကို သူတို့ လိုက်ပစ်တာ။ ၂ ဦးက ဆုံးပါတယ်။ PDF လည်းမဟုတ်ပါဘူး။ ရွာမှာ လာရှောင်နေတဲ့သူတွေပါ။ အခု သူတို့ဘက်က သတင်းထုတ်ပြန်တော့ သေသူနဲ့ မိတဲ့သူတွေဆီမှာ လက်နက်တွေ ရှိတဲ့ပုံစံ စစ်တပ်ဘက်က လက်နက်တွေနဲ့ အမှုဆင် ဓာတ်ပုံရိုက်ထားတာ လိုင်းပေါ်မှာ တွေ့တယ်” ဟု တံငှာတောင်ကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ ကျေးရွာသားတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် “တော်ဝင်ပိတောက်”အဆောင်သို့ စစ်ကောင်စီတပ်များက ဧည့်စာရင်း ဝင်ရောက်စစ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ကိုလင်းလင်းထွန်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မနှင်းအိခိုင်ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

” ဖြစ်တာက ဒလန်က ဧည့်စာရင်း မတိုင်တဲ့ လူငယ်တွေကို PDF တွေဆိုပြီး အဆောင်မှာ နေတယ်ဆိုပြီး သတင်းပေးတယ်။ အဲဒါ အဆောင်ကို ဝင်စီးတယ်။ လူငယ် ၁ဦးက ပြတင်းပေါက်ကခုန်ချတဲ့အချိန်မှာ ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ ဦးခေါင်းကို ကျည်ထိပြီး ပွဲချင်းပြီးဆုံးတယ်။ နယ်က အလုပ်လာလုပ်တဲ့လူငယ်တွေပါ။ သူတို့ပြောသလို PDF လည်းမဟုတ်ဘူး။ သူတို့ ထင်သလို လူသတ်နေတာ” ဟု ယင်းဖြစ်စဉ်ကို အသေးစိတ် သိရှိထားသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်းအတွင်း ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုများကို အရှိန်အဟုန်မြင့်လုပ်ဆောင်လာနေကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*