ရေနံချောင်း တက္ကသိုလ်ကျောင်းသူ ဖမ်းဆီးခံရ 

ရေနံချောင်း တက္ကသိုလ်ကျောင်းသူ ဖမ်းဆီးခံရ

 

ဝေယံမိုး – မဇ္ဈိမ

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မမြောက် ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူ မဆုပြည့်အောင်ကို ယနေ့ (ဩဂုတ်လ ၂၄ ရက်) နံနက် ၁၀ နာရီ အချိန်တွင် အရပ်ဝတ်ရဲများက ဖမ်းဆီးသွားကြောင်း ရေနံချောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

 

“မနက်ပိုင်းမှာ အရပ်ဝတ်ရဲတွေက သူ့ကို လာဖမ်းသွားတယ်လို့မိသားစုကပြောပါတယ်၊ သူတို့လမ်းထိပ်မှာ ကားရပ်ပြီး နေအိမ်ထဲဝင်ဖမ်းသွားတာပါ” ဟု အဆိုပါတာဝန်ခံက ဆိုသည်။

 

ဓာတုဗေဒ ပထမနှစ်ကျောင်းသူ မဆုပြည့်အောင် အဖမ်းခံရသည်ကို ရေနံချောင်းကျောင်းသားသမဂ္ဂ၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း ထုတ်ပြန်ထားသည်။ မဆုပြည့်အောင်အား မကွေးမြို့ပေါ်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မဇ္ဈိမအနေဖြင့်အတည်ပြုနိုင်ရန်ကြိုးပမ်းနေဆဲဖြစ်သည်။

 

ရေနံချောင်းမြို့တွင် ဧပြီလအတွင်းကလည်း ရေနံ‌ချောင်းကျောင်းသားသမဂ္ဂမှ ဒုဥက္ကဌဖြစ်သူ မဇွန်သင်းကြည်(သင်္ချာ-တတိယနှစ်)၊ ကိုဖြိုးဝေသစ်(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ခံ)နှင့် အရပ်သားတစ်ဦးဖြစ်သူ မမြင့်မြတ်သော်တို့သုံးဦး ဖမ်းဆီးခံခဲ့ရသည်။ ထိုသူများသည် “ကျောင်းမတက်နှင့်ကျောင်းပျက်” ဟူသည့် လှုပ်ရှားမှုဖြင့်ဖမ်းဆီးခံရခြင်းဖြစ်သည်။

 

“အကြမ်းဖက်စစ်ကောင်စီက ဒီလိုမျိုးကျောင်းသားတွေကို ဖမ်းဆီးတဲ့လုပ်ရပ်တွေနဲ့ အာဏာသိမ်းမှုလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချပါတယ်၊ ဖမ်းဆီးခံရသူတွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့ပြောချင်ပါတယ်” ဟု ရေနံချောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံက ဆိုသည်။

 

ယနေ့မနက်ပိုင်းတွင်လည်း ရေနံချောင်းမြို့ စည်ပင်ရုံးဝန်းအတွင်းတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းသိရသည်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*