ရွှေဘိုတွင် ကျေးရွာ ၂ ခုကို စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ပစ်ခတ်၊ ဒေသခံ ရာချီ၍ ထွက်ပြေးနေရ

ရွှေဘိုတွင် ကျေးရွာ ၂ ခုကို စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ပစ်ခတ်၊ ဒေသခံ ရာချီ၍ ထွက်ပြေးနေရ

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်၊ တက်တူကျေးရွာနှင့်ပလိုင်းကျေးရွာများကို စစ်ကောင်စီတပ်များက ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ပိတ်ဆို့ ပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် အနီးအနားကျေးရွာများမှ ဒေသခံ ရာချီ၍ ထွက်ပြေးနေရကြောင်း သိရှိရသည်။

ယနေ့ နေ့လယ်ပိုင်းက စတင်၍ ဆိပ်ခွန်ကျေးရွာအနီးရှိ တက်တူကျေးရွာနှင့် ပလိုင်းကျေးရွာများကို စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ကျေးရွာများကို ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုသို့ ပစ်ခတ်မှုများကြောင့် ဒေသခံကျေးရွာများမှ ပြည်သူ ရာပေါင်းများစွာ ထွက်ပြေးနေရကြောင်း၊ ရွှေဘိုမြို့၊ အနောက်ဘက် ဆိပ်ခွန်ရွာ အနီးမှ ပလိုင်းရွာဘက်တွင် စစ်ကောင်စီတပ်များ ဝိုင်းဝန်းပိတ်ဆို့ထားပြီး လက်နက်များဖြင့် ပစ်ခတ်သံများ ကြားနေရကြောင်း သိရှိရသည်။

“စစ်တပ်သတင်းပေးတွေက ဟိုရွာမှာ PDF ရှိတယ်။ ဒီရွာမှာ PDF ရှိတယ်နဲ့ သတင်းတွေပေးတာကြောင့်လို့ သိရပါတယ်။ တကယ်က ကျနော်တို့ ကြားသလောက် PDF ဆိုတာထက် ကိုယ့်ရွာကိုယ့်အိမ်ကို ကာကွယ်ဖို့ လုပ်ကြတဲ့ သူတွေပါ။ ကိုယ့်မြို့ကိုယ့်ရွာကင်းစောင့်တဲ့သဘောပဲ။ တူမီးလောက်ပဲ ကိုင်နိုင်မှာပေါ့ နောက်ဆုံး။ အခုတော့ ကျေးရွာသားတွေ အကုန်ပြေးနေရပြီ” ဟု ဒေသခံတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်များက ယမန်နေ့ ညနေပိုင်းကလည်း ဆိပ်ခွန်ကျေးရွာတွင် လူငယ် ၄ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*