ကျွနု်ပ်တင်ပြသည့် သုံးသပ်ချက်ကို အတွင်းကျကျလုပ်နေသော တော်လှန်ရေး အင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တာဝန်ရှိသူများ ဖတ်ရှုကြပြီး လက်နက်ကိုင်တော်လှန်ရေး အမြန်ဆုံး အရှိန်အဟုန်ဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးကို ရည်ရွယ်ပါသည်။

လက်ရှိနိုင်ငံရေး အခြေအနေ သုံးသပ်ချက်။

Aug 16.2021
ကျွနု်ပ်တင်ပြသည့် သုံးသပ်ချက်ကို အတွင်းကျကျလုပ်နေသော တော်လှန်ရေး အင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တာဝန်ရှိသူများ ဖတ်ရှုကြပြီး လက်နက်ကိုင်တော်လှန်ရေး အမြန်ဆုံး အရှိန်အဟုန်ဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးကို ရည်ရွယ်ပါသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို လက်နက်ဖြင့် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်လာပြီးနောက် စစ်အာဏာ သိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းမှတဆင့် အတားအဆီးများ ပြုလုပ်လာကြပြီး မိမိရပ်ကွက်မြို့ရွာများကို ကာကွယ်လာပြီး ပြန်လှန်၍ မီးခိုးဗုံးများ၊ လောက်လေးခွများဖြင့် ဆန့်ကျင်တွန်းလှန်မှုအဆင့်သို့ ရောက်ရှိလာခဲ့သည်။

ထိုမှတဆင့် စစ်အုပ်စုမှ ပြည်သူများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်မှုများကို ပြောင်ပြောင်တင်းတင်း ပြုလာသည့်အခါ မိမိတို့ တတ်နိုင်သည့် ဓားလက်နက်၊ လုပ်သေနတ်များ၊ တူမီးသေနတ်များဖြင့် ခုခံကာကွယ်လာခဲ့ကြသည်။ တချို့တိုင်းရင်းသား နယ်မြေများသို့ ထွက်ခွာပြီး စစ်ပညာများ သင်ကြားခြင်း၊ ဖောက်ခွဲရေးသင်တန်းများ တက်ခြင်းတို့ကို သင်ယူပြီး မိမိတို့ မြို့သို့ ပြန်ပြီး စစ်အကြမ်းဖက်အုပ်စုကို ပြန်လည်ခုခံကြသည်။

ရန်ကုန်တွင် တောင်ဒဂုံ၊ လှိုင်သာယာ၊ ဒေါပုံတို့တွင် သတ်ဖြတ်တိုက်ခိုက်မှု၊ ပဲခူးမြို့တွင်း တိုက်ပွဲကို စက်သေနတ်များ၊ အာပီဂျီများကို အသုံးပြုပြီး ခံတုတ်ကို ဖြိုခွင်းမှု၊ မြစ်ကြီးနား၊ မုံရွာ၊ ပြည်၊ မန္တလေး၊ ကနီ၊ ယခု နောက်ဆုံး မင်းတပ်မှာ ပြည်သူများ လက်နက်အရ မယှဉ်နိုင်သော်လည်း ရန်သူကို အထိနာအောင် တိုက်ခိုက်နိုင်ကြောင်း ပြခဲ့သည်။

ကေအိုင်အေ၊ ကေအင်ယူတပ်တွေက လက်နက်အရ ယှဉ်နိုင်တဲ့အတွက် တိုက်တိုင်းနိုင်နေခြင်းနှင့် မအလစခန်းများကို သိမ်းပိုက်နိုင်ခြင်းတို့သည် မအလ၏တပ်များတွင် တိုက်ရည်ခိုက်ရည် မရှိကြောင်း၊ စိတ်ဓာတ်အင်အား မရှိကြောင်း အထောက် အထားများ အဖြစ် မြင်နိုင်သည်။

တက်ကြွလှုပ်ရှားသူတွေများထဲ၌ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြင့် စစ်အုပ်စုကို ပြုတ်ကျစေရမည်ဆိုသည့် ယုံကြည်ချက်ကို လက်နက်ကိုင်တိုက်မှသာ ရတော့မည် ဆိုသည့်အမြင်အဖြစ် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်က ပြောင်းလဲပေးလိုက်သည်။ ထို့ကြောင့် လက်နက်ကိုင်ရန် ဆုံးဖြတ်သည့်လူငယ်များ မိမိတို့နှင့် နီးစပ်ရာများနှင့် ချိတ်ဆက်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်ရန် ပြင်ဆင်လာခဲ့ကြသည်။ ၈၈ အတွေ့အကြုံ ရထားသည့်သူများက၊ ၈၈ ကဲ့သို့ လက်နက်ကိုင်တိုက်ပွဲ မကျဆုံးအောင် ပူးပေါင်းပါဝင်လာကြသည်။

၈၈ မှာ ကတည်းက လက်နက်ကိုင်တော်လှန်ရေးမှာ ရင့်မှည့်နေပြီး ဖြစ်သော်လည်း မအောင်မြင်ခဲ့။ အဘယ်ကြောင့်ဆိုသော် လိုအပ်သည့် လက်နက်ခဲယမ်းများ ၆ လ၊ တစ်နှစ်ကြာသည်အထိ မရရှိနိုင်ခဲ့၍ ဖြစ်သည်။ တိုက်ပွဲဝင်မည်ဆိုသည့် ရဲဘော်များ၏ မျှော်လင့်ချက်များသည် လက်နက် မထောက်ပံ့နိုင်မှုကြောင့် ပျက်ပြားလာခဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့ လာစေခဲ့သလို အစားအသောက် ဆင်းရဲခြင်း၊ ငှက်ဖျားရောဂါနှင့် သေဆုံးခြင်းများကြောင့် စိတ်ဓါတ်ကျဆင်းနေချိန်တွင် စစ်အစိုးရမှ ကျောင်းသားလူငယ်များကို ပြန်လာရန် ကမ်းလှမ်းခဲ့ပြီး အရေးယူမှုပြုလုပ်မည် မဟုတ်ကြောင်း ထုတ်ပြန် ခဲ့သည့်အပေါ် တော်လှန်ရေးကို စွန့်ခွာပြီး အလံထောင်ပြီး လက်နက်ချသူချ ပြည်ပထွက်သူထွက် ဖြစ်ခဲ့ရသည်။

ပြည်သူများ၏ မျှော်လင့်ချက်များကိုလည်း စစ်အုပ်စုက ၁၉၉၀ ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဆိုသည့် မျှော်လင့်ချက်နှင့် လမ်းလွှဲ ပေးနိုင်ခဲ့သည်။ NLD ပါတီကလည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရလျှင် အာဏာလွှဲ ပေးလိမ့်မယ်ဟု မျှော်လင့်ခဲ့ကြသည်။ ဤအချက်က လက်နက်ကိုင်တော်လှန်ရေး ဦးတည်ချက်ကို အထူးလမ်းလွှဲပေးခဲ့သည့် အချက် တခုလည်း ဖြစ်ခဲ့သည်။

အများသိသည့်အတိုင်း ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက တောင်ပြိုကမ်းပြို နိုင်သည်။ မဆလတဖြစ်လဲ တစညပါတီက ယခု ပြည်ခိုင်ဖြိုး ပါတီကဲ့သို့ ခွက်ခွက်လန်အောင် ရှုံးသည်။ သို့သော်အာဏာ မပေးဘဲ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းလိုက်သည်။ ထို့ကြောင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဝေးရောက်အစိုးရ NCGUB ဆိုသည့် အစိုးရ အမည်ခံအဖွဲ့ ပေါ်လာသည်။ NCGUB မဖွဲ့ခင်မှာ ABSDF နှင့် မြန်မာအဖွဲ့အစည်းများ၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့များ အားလုံးဖွဲ့ထားသည့် DAB (Democratic Alliance of Burma) က ထွက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွဲပြီး အစိုးရတရပ် ဖွဲ့စည်းဖို့ ဆွေးနွေးခဲ့သော်လည်း NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများ ရွေးထားသည့် ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းသင့်ကြောင်း ပြောသည့်အတွက် DAB အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြနှင့် ဒုဥက္ကဋ္ဌ ဘရန်ဆိုင်းတို့က ၎င်းတို့ အစိုးရဖွဲ့ရန် ပြင်ဆင်ထားသည်များကို ဖျက်သိမ်းပြီး သဘောထားကြီးစွာ အားပေးကူညီခဲ့သည်။ သို့သော်လည်း ဖွဲ့လိုက်သည့်အစိုးရတွင် မည်သည့် တပ်မှ မရှိဘဲ ကမ္ဘာကိုလည်း ၎င်းတို့၏ လက်နက်ကိုင်တပ် တည်ထောင်ရန် ထုတ်ဖော် မပြောရဲခြင်းကြောင့် လူသားချင်းစာနာမှု အကူအညီနှင့်သာ ရှင်သန်ရင်း လုံးပါးပါး သွားခဲ့ရသည်။ နိုင်ငံခြား အထောက်အပံ့များလည်း စားရင်း သောက်ရင်းကုန်သွားခဲ့သည်။

ဖက်ဒရယ် တပ်မတော်ဆိုတာလည်း မပေါ်လာသလို လက်နက်ကိုင် တိုင်းရင်းသား EAOs ခေါင်းဆောင်များ အစိုးရအဖွဲ့ထဲတွင် မပါဝင်ခဲ့သည့်အတွက်လည်း အစိုးရကိုယ်စားပြု စစ်တပ် မရှိသည့်အတွက် မစည်းရုံးနိုင်ဘဲ တိုက်ချင်ခိုက်ချင်သည့်ကျောင်းသားများနှင့် မည်သည့်အဖွဲ့အစည်းကိုမျှ ထောက်ပံ့မှု၊ လက်နက် တပ်ဆင် ပေးမှုကိုမျှ မလုပ်နိုင်ခဲ့။

ယနေ့ နိုင်ငံရေးသည် သမိုင်းဘီး တပတ်ပြန်လည်လာခြင်း ဖြစ်သော်လည်း အတိတ်က သမိုင်းသင်ခန်းစာကို ယူပြီး အချိန်မီ အောင်ပွဲရအောင် ပြင်ဆင်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။ NCGUB နေရာတွင် NUG ဖြစ်လာခဲ့ပြီး အစိုးရအဖွဲ့ဝင်များ အားလုံးနီးပါး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက နေရာများ ယူထားခြင်းက တူညီနေပြီး အရပ်သားများက ဒုဝန်ကြီး နေရာကို ယူထားခြင်းကသာ ကွာခြားသည်။ အစိုးရတပ်အနေနှင့် PDF ကို တိုင်း ၅ တိုင်းနှင့် ဖွဲ့ထားခြင်း ဆိုသော်လည်း အကောင်အထည် မပြနိုင်သေးချေ။ ကချင်တွင် လူ ၃၀၀၀ ခန့် သင်တန်းတက်နေသည်။ ကရင်တွင်လည်း လူငယ်များ ကွက်ကြား၊ ကွက်ကြား ရောက်နေသော်လည်း ကိုယ့်အစုနှင့်ကိုယ်သာ ရှိနေသည်။ PDF – ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဦးစီးထားခြင်း မရှိသေး။ သို့ရာတွင် မြို့များ၊ ရွာများတွင် ပြည်သူများက မိမိမြို့များနှင့် ရွာများ၌ Local Defense Force (LDF) – ဒေသခံကာကွယ်ရေးတပ် (ဒကဖ) များ ဖွဲ့စည်းတည်ထောင်လာခြင်းသည် ၂၀၂၁ ၏ ထူးခြားသည့် တော်လှန်ရေး အောင်မြင်မည့် ဝိသေသ လက္ခဏာ ဖြစ်သည်။ ဤအချက်သည် ၁၉၈၈ နှင့် လုံးဝ မတူသည့် အချက်လည်း ဖြစ်သည်။

၈၈ တွင် စစ်အာဏာ သိမ်းပြီးနောက် ပြည်တွင်းတွင် ငြိမ်သွားသည်။ ၂၀၂၁ ခုနှစ်တွင်မူ ၆ လ ကြာလာသော်လည်း ပြည်တွင်းတွင် ဆက်လက် ဆန့်ကျင်နေဆဲ ဖြစ်သည်။ ပြည်ပရောက် မြန်မာမျိုးချစ်များကလည်း ရန်ပုံငွေ ဒေါ်လာ ၉ သန်းကျော် ရသည့်အထိ ဝိုင်းဝန်း ပံ့ပိုးကြခြင်းက ထူးခြားမှုကြီး ဖြစ်သည်။ ဤနေရာတွင် ကောက်ခံရရှိ လှူဒါန်းကြသည့်ငွေများကို CDM အတွက်သာ သုံးခွင့်ရှိသည်ဟု သတ်မှတ်ချက်နှင့်အနောက်နိုင်ငံများက ပြည်တွင်းစစ်ကို မလိုလား၍ လက်နက်ရောင်းချပေးမှုကို အားမပေးမှုက လက်နက်ကိုင်တော်လှန်ရေး လုပ်ရန် ခြေချုပ်ချထားသကဲ့သို့ ဖြစ်နေခဲ့သည်။

အနောက်နိုင်ငံများက R2P ကို လက်တွေ့ မကျင့်သုံးနိုင်သလို လာလဲလာမှာ မဟုတ်သည့်အတွက် မိမိကိုယ်ကို မိမိကာကွယ် ကြဖို့ပဲ ရှိခြင်းဆိုသည်ကို ပြည်သူများ၊ တက်ကြွလှုပ်ရှားသူများ သိလာကြပြီ ဖြစ်သည်။ ထို့ကြောင့် လက်နက်ရှာဖွေရန် လိုအပ် နေသော်လည်း အစိုးရအဖြစ် ကြေညာထားသည့် NUG သည် ပြည်တွင်း၊ ပြည်ပက ပြည်သူများကို ဗြောင်ချပြပြီး လက်နက် ဝယ်ယူရန် သတ္တိရှိရှိ ထုတ်ပြောရန် လိုအပ်နေသည်။ ပြည်သူများက ၎င်းတို့အသိနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (ဒကဖ) (LDF) များ ဖွဲ့ထားပြီး NUG ၏ PDF (ပကဖ) တပ်များက ဦးဆောင်မှုနှင့် မည်သည့်အချိန်တွင် D Day စ မည့်နေ့ကို စောင့်မျှော်ရင်း အဆက်အသွယ် မရသည့်အတွက် သူတို့ တိုက်ခိုက်ရေးအဖွဲ့ အချင်းချင်း ဆက်သွယ်ပြီး ကိုယ့်အစီအစဉ်နှင့် ကိုယ် စစ်အကြမ်းဖက်အုပ်စုကို ပျောက်ကျားစစ်ဖြင့် တိုက်ခိုက်မှုကို စတင်ခဲ့ကြသည်။

ထိုသို့ LDF အဖွဲ့များ အင်အား ကောင်းလာပြီး စည်းလုံးလာသည့်အခါတွင် မြေပြင်တိုက်ပွဲတွင် မပါဝင်သော ယောဒေသခံ လွှတ်တော်အမတ်အချို့က အမတ်ဟူသည့် အရှိန်အဝါကို သုံးပြီး PDF တပ်ထဲသို့ ဝင်ရောက်ရန် ဖဲ့ထုတ်စည်းရုံးမှု အားထုတ်မှုများ ပြုလာခဲ့ကြသည်။ ထိုလွှတ်တော်အမတ်အချို့၏ အမြင်ကျဉ်းမြောင်းစွာ တော်လှန်ရေးကို အဝေးမှ လှေကြုံစီးပြီး လှေဦးမှထိုင်၍ နေရာယူရန် ကြံစည်မှုသည် မလုပ်အပ်သည့်အလုပ် ဖြစ်သည်။ မိမိကိုယ်တိုင်လည်း စစ်ရေးတွင် နားလည်မှု မရှိဘဲ မြေပြင်တွင် လက်တွေ့ အသက်စွန့် တိုက်နေသူများအပေါ် နေရာဝင်ယူရန် လုပ်ဆောင်မှုသည် အရှိန်ယူနေသည့် တော်လှန်ရေးကို တုံဆိုင်း သွားစေရန် ပြုလုပ်သလိုဖြစ်နေသဖြင့် NUG မှ အမြန်ဆုံး တားဆီးသင့်သည်။

ဖြစ်သင့်သည်က NUG ကာကွယ်ရေးဝန်ကြီးဌာနက မြို့များတွင် ဖွဲ့ထားသည့်အထဲက ချင်းပြည်နယ် ပြည်သူ့ ကာကွယ်ရေးတပ် CDF နှင့် ဂန့်ဂေါ၊ မတူပီ၊ မင်းတပ် မုံရွာ၊ မန္တလေး၊ ပဲခူး မြို့များကို လက်နက်များ ရသည့်ဈေးနှင့် ဒေါ်လာ ၂ သန်းခန့် သုံးစွဲပြီး အမြန်ဆုံး မြှုပ်နှံသင့်သည်။ CNF ခေါင်းဆောင်သည် NUG အစိုးရအဖွဲ့ထဲတွင် ပါဝင်နေသော်လည်း CNF တိုက်ပွဲထဲတွင် ပါဝင်ခြင်း မရှိချေ သို့ရာတွင်တော်လှန်ရေးလုပ်ချင်၍ သူတို့ထံ ရောက်လာသူများကို စစ်သင်တန်းပေးနေမှု ရှိသည်ဟု သိရသည်။ CNF တွင် လက်နက် အပြည့်အစုံ ရှိနေသည်ဟု သိရသည်။ လက်နက်ကိုလဲ အိန္ဒိယနိုင်ငံဖက်မှ ဝယ်ယူနိုင်သည်ဟု သိရသည်။

နွေဦးတော်လှန်ရေးသည် CNF အတွက် အပင်ပန်းခံ လူသူစုဆောင်းစရာမလိုပဲ ခံပြင်းစိတ်ဖြင့်ရောက်လာသူများကို CNF မှ စစ်သင်တန်းပေး၍ အင်အားစုခွင့်ကိုရစေသည်။ CNF နှင့် ချိတ်ဆက်၍ လက်နက်ဝယ်ယူပြီး ချင်းပြည်နယ်ရှိ တော်လှန်ရေး အင်အားစုများကို ပေးအပ်နိုင်ပါက တော်လှန်ရေးအရှိန် ရလာမည် ဖြစ်သည်။ဤနေရာတွင် CNF မှ အိန္ဒိယဖက် ကချင်ဖက်မှရရှိလာသည့် လက်နက်များကို ချင်းဒေသခံကာကွယ်ရေးအဖွဲ့ CDF အပြင် ချင်းနှင့်ဆက်စပ်ဒေသများဖြစ်သည့် မင်းတပ်၊ ထီးလင်း၊ ဂန့်ဂေါ ဒေသများရှိ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များကို ဗျူဟာအရ ထောက်ပံ့ပေးရန် NUG မှညှိနှိုင်းပေးသင့်သည်။ ရသင့်သလောက်လက်နက်ရလာသည့်အခါ ပျောက်ကျား စစ်ဆင်နွဲရင်း တိုက်၍ ရလာသည့် ရန်သူလက်နက်များကို မိမိလက်နက်လုပ်ပြီး တော်လှန်ရေးကို ဆက်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်လာအောင် NUG က EAOs များနှင့်ညှိနှိုင်းပြီး ထိရောက်သည့်လက်နက်များကို စတင်တပ်ဆင်ပေးဖို့ လိုအပ်မည် ဖြစ်သည်။

အဓိက လုပ်သင့်သည်ကို မလုပ်ဘဲ တွေဝေနေမှုကြောင့် အချိန်ကောင်း အရှိန်ရနေသည့် တော်လှန်ရေး စိတ်ဓာတ်များ ရေစုန်မျော သွားနိုင်သည်။ အော်တိုမစ်တစ် သေနတ်များ ရှိသည့်ရန်သူကို တူမီးလုပ်သေနတ်များနှင့်သာ တိုက်ရသည့်အတွက် အဖိုးတန် တိုက်ရဲ ခိုက်ရဲသော ရဲဘော်များ အများအပြား ဆုံးရှုံးသွားနိုင်ဖွယ်ရှိသည်။ ထို့အတူ မြို့ပြပျောက်ကျားများ တဖြုတ်ဖြုတ် အဖမ်းဆီးခံ အသတ်ခံနေရင်္ပြီး တော်လှန်ရေး လုပ်နိုင်သည့်သူများ အချိန်ကြာလာသည်နှင့်အမျှ အများအပြား ကျဆုံးသွားလျှင် တော်လှန်ရေး ဦးကျိုးသွားနိုင်သည်။ ယင်းအဖြစ်မှ ရှောင်နိုင်ရန် NUG အစိုးရသည် ပြတ်ပြတ်သားသား အချိန်မီ လက်နက်ဝယ်ယူ ပေးနိုင်ဖို့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ ဖြန့်ပေးနိုင်ဖို့ EAOs များနှင့်ညှိနှိုင်းပြီး အချိန်မှီတော်လှန်ရေး စနိုင်ရန်အတွက် သဘောတူညီချက်ရရန် လိုအပ်လျက် ရှိသည်။

ယခုစစ်ပွဲသည် အချိန်ဆွဲ၍ရသော စစ်မျိုး မဟုတ်ပါ။ ပြည်သူမှ ပံ့ပိုးပေးလာသော ငွေကြေးအင်အားကို ပုံအောသုံးစွဲပြီး လက်နက်ကိုင် တော်လှန်ရေးကို မီးထိုးပေးရမည့်အချိန် ဖြစ်သည်။ မိမိ NUG အစိုးရထံတွင်ရှိသော ငွေများကို CDM လုပ်နေသူများကိုသာ ထောက်ပံ့ပေးနေခြင်းသည် အရေးကြီးသော်လည်း ထို့ထက် ပိုမိုအရေးကြီးသည့် တော်လှန်ရေး အောင်မြင်ရန် လက်နက်တပ်ဆင်ပေးရေးကို ပထမဦးစားပေးအဖြစ် သတ်မှတ်ပြီး လုပ်ဆောင်သင့်သည်။ ထိုသို့ လက်နက် တပ်ဆင်ပေးမှုကို အချိန်မီ မလုပ်ပေးနိုင်ပါက တော်လှန်ရေးအရှိန် ကျဆင်းလာပြီး ၈၈ ကဲ့သို့ တောတွင်းမှ မထွက်နိုင်ဘဲ တတိယနိုင်ငံများတွင် ဇတ်သိမ်းရမည့် အခြေအနေသို့ ကျရောက်သွားပေလိမ့်မည်။

မကြာခင်က အမေရိကန်အစိုးရက ဒေါ်လာသန်း၅၀ကို မြန်မာနိုင်ငံအတွက် လူမှုရေးလိုအပ်ချက်အဖြစ် ပံ့ပိုးပေးရန် ထောက်ပံ့လိုက်ခြင်းသည် CDM အတွက် NUG ၏ ဝန်ထုတ်ဝန်ပိုးဖြစ်နေမှုကို များစွာယုတ်လျော့ သွားစေခဲ့သည်။

ထို့ကြောင့် ပြည်ပမျိုးချစ်များက လှူဒါန်းသည့်ငွေကို CDM အတွက် ထောက်ပံ့ပေးရန် မလိုတော့ပဲ PDF နှင့်ဒေသခံ LDF တပ်များကို လက်နက်တပ်ဆင်ရေးကို ဇောင်းပေးလုပ်နိုင်မည့် အခြေအနေသို့ ကံကောင်းထောက်မစွာ ရောက်ရှိလာခဲ့ပြီဖြစ်သည်ဟု ယူဆသည်။ NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနအနေနှင့်PDF နှင့် ဒေသခံ LDF တပ်များကို လက်နက် အမြန်ဆုံး တပ်ဆင်ပေးနိုင်ရေးက တိုက်ပွဲများတွင်အောင်ပွဲများ ရရှိလာအောင် တွန်းအားကို ဖြစ်စေပေလိမ့်မည်။ စခန်းသိမ်း မြို့သိမ်း တိုက်ပွဲများပြုလုပ်နိုင်ရန် ထိရောက်သည့် လက်နက်တပ်ဆင်ပေးမှုသည် အဓိကကျသည်။ လက်နက်ကိုင် တော်လှန်ရေး အောင်မြင်လျှင် အခက်အခဲများ အားလုံးကို ဖြေရှင်းပြီး ဖြစ်မည်။ ထို့ကြောင့် လက်နက်ကိုင် တော်လှန်ရေး ဖြစ်လာရန် လက်နက်တပ်ဆင်ရေးကို မတွေဝေဘဲ ဇောင်းပေး လုပ်ရမည်။ တိုက်ပွဲ ဖော်ရမည် ဖြစ်သည်။ ထိုအခါ အောင်ပွဲရလာသည်ကိုမြင်သောအခါ ထောက်ပံ့သူများကလည်း အားတက်သရော ပုံအောလာကြမည် ပိုမိုလှူဒါန်း လာကြမည် ဖြစ်သည်။

ထိုသို့မလုပ်ဘဲ တွေဝေနေပါက ဖြစ်လာနိုင်ချေ ၃ မျိုး ရှိသည်။

၁။ ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိမိတို့ပေါင်းစည်းထားသည့်အုပ်စုများနှင့် ပူးပေါင်းပြီး NUG ဦးဆောင်မှု မပါဝင်ဘဲ မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲရင်း တော်လှန်ရေး အရှိန်ရလာနိုင်ပြီး ပြည်နယ်များ၊ မြို့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောင်မြင်အောင် တိုက်လာနိုင်သည်ကို တွေ့သည့်အခါ EAOs များကလည်း ပူးပေါင်း တိုက်ပွဲဝင်လာခြင်းကြောင့် စစ်အုပ်စုတပ်များ ပြိုကွဲလာပြီး တော်လှန်ရေး အောင်မြင်နိုင်သည်။ ထိုသို့ အောင်မြင် သွားပါက EAOs များက မိမိပြည်နယ်အသီးသီးတွင် ကိုယ်ပိုင်ပြည်နယ်များအဖြစ် ရပ်တည်သွားနိုင်ပြီး ဖက်ဒရယ် ပြည်ထောင်စုထက် confederate ပြည်နယ်များ ဖြစ်လာနိုင်သည်။

၂။ ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မိမိတို့ပေါင်းစည်းထားသည့်အုပ်စုများနှင့် ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲရင်း ခေတ်မှီလက်နက်အင်အား မမျှသည့်အတွက် အကျအဆုံး များပြားစွာဖြင့် တပ်လန်သွားခဲ့ပြီး ဦးကျိုးသွားခဲ့ပါက NUG က ဦးဆောင် ပြုလုပ်မည့် လက်နက်တော်လှန်ရေးကို စတင်မည့်အချိန်တွင် PDF တပ် ဖွဲ့လိုက်သော်လည်း လက်နက်ချို့တဲ့မှု တပ်ဦးတွင် အသက်စွန့် တိုက်ရည်ခိုက်ရည် ရှိသည့်သူများ နည်းပါးမှုကြောင့် စစ်အုပ်စုက နောင်အနှစ် ၂၀ ခန့် ဆက်လက် ဗိုလ်ကျ အုပ်ချုပ်သွားနိုင်သည်။

NUG သည်လည်း သူ့အရင် တည်ရှိခဲ့သည့် မြန်မာနိုင်ငံ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB ကဲ့သို့ တတိယနိုင်ငံများတွင် ခိုလှုံသွားရသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

၃။ စစ်အုပ်စုသည်လည်း ပြည်သူ့ထောက်ခံမှုမရနိုင်၊ NUG သည်လည်း တပ်ဖွဲ့များကို လက်နက်မထောက်ပံ့နိုင်၊ ဒေသခံ ကာကွယ်ရေးအဖွဲ့များသည်လည်း ခေတ်မီလက်နက် မတပ်ဆင်နိုင် မရနိုင်ပဲ ရှေ့တိုးပြီး မတိုက်နိုင်၊ ကိုဗစ်ရောဂါကြောင့် တိုင်းပြည်တွင် အဖက်ဖက်မှ စားဝတ်နေရေး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခက်အခဲများ စုပြုံလာပြီး ပြည်သူများ ငတ်မွတ်လာသည့်အခါ အိမ်နီးချင်း တိုင်းပြည်များသို့ အုပ်စုအလိုက် ပြည်သူများထွက်ပြေးကြသည့် Fail State ကျရှုံးနိုင်ငံဖြစ်လာပြီး တဖက်နှင့် တဖက်စတင် ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်လာသည့် အခြေအနေတွင် အားသာသည့်ဖက်မှ အပေါ်စီးမှ ရယူအုပ်ချုပ်သွားမည့် အခြေအနေသို့ ကျရောက်သွားနိုင်သည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

Be the first to comment

Leave a Reply

Your email address will not be published.


*