သူတို့ကို လက်နက်ငယ်အချို့နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးအောင်ကျော်ကျော်ဦးနဲ့ ကိုထက်အောင်မင်းတို့ ပါဝင်လှုပ်ရှား ခဲ့တဲ့ တာဝန်သိတက္ကသိုလ်ကျောင်းသားလူငယ်များ (RUSY) မှ ဦးဆောင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးအပါအဝင် NLD ပါတီဝင်တချို့ကို လက်နက်များဖြင့် ဖမ်းဆီးမိဟု စစ်တပ်က ထောက်ချောက်ဆင် လုပ်ကြံ

By ရန်ကုန်ခေတ်သစ်

လှိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ကျော်ဦးနဲ့ လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုထက်အောင်မင်းတို့ဟာ ဇူလိုင်လ (၁၀)ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

သူတို့ကို လက်နက်ငယ်အချို့နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးအောင်ကျော်ကျော်ဦးနဲ့ ကိုထက်အောင်မင်းတို့ ပါဝင်လှုပ်ရှား ခဲ့တဲ့ တာဝန်သိတက္ကသိုလ်ကျောင်းသားလူငယ်များ (RUSY) မှ ဦးဆောင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဦးအောင်ကျော်ကျော်ဦးတို့ အဖမ်းခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလား ခင်ဗျ။

ဖြေ ။ ။ ဇူလိုင်လ (၁၀)ရက်နေ့မှာ ကိုအောင်ကျော်ကျော်ဦးနဲ့ ကိုထက်အောင်မင်းတို့ RUSY ရဲ့ ပြည်သူတွေကို နိုင်ငံရေးအသိလှုံ့ဆော်ဖို့ ဖြန့်ဝေတဲ့ စာစောင်ကိစ္စနဲ့ CDM ဝန်ထမ်းတွေကိစ္စဆွေးနွေးဖို့ ချိန်းထားတဲ့အချိန်မှာ ကိုဘိုဘိုက စတင်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ အသိတစ်ယောက်က ဖုန်းခေါ်တော့ ဖုန်းပြန်ဖြေပေမယ့် နောက်မှာ ရုန်းရင်းဆန်ခတ် အသံတွေ ကြားရပါတယ်။ ကိုအောင်ကျော်ကျော်ဦးက ချိန်းထားတဲ့ဆီ စက်ဘီးနဲ့ လိုက်သွားတုန်း အဖမ်းခံလိုက်ရတာပါ။ ကိုအောင်ကျော်ကျော်ဦးရဲ့ ဇနီးလိုက်သွားတဲ့ အချိန်မှာတော့ ချိန်းထားတဲ့ လက်ဖက်ရည်ဆိုင်မှာ ကိုအောင်ကျော်ကျော်ဦးရဲ့ စက်ဘီးပဲတွေ့တော့တယ်။ ဇနီးဖြစ်သူ အိမ်ပြန်လာချိန်မှာ ဇနီး ဖြစ်သူကိုပါ ဖမ်းသွားပါတယ်။

မေး။ ။ ဖမ်းဆီးတဲ့အချိန်မှာ ရဲတွေ၊ စစ်သားတွေက ရိုက်နှက်တာတွေ ရှိလား ခင်ဗျ။

ဖြေ။ ။ အနီးအနားမှာ ရှိတဲ့သူတွေ ပြောကြားချက်အရတော့ နှစ်ယောက်စလုံးကို နောက်ပြန်လက်ထိပ်ခတ်ပြီး ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မေး။ ။ ဖမ်းဆီးသွားတဲ့အချိန်မှာ လက်နက်ငယ်တွေနဲ့တကွ ဖမ်းဆီးမိသွားတယ်လို့ သိရတယ်။ အဲ့ဒါအမှန်ပဲလား ခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ RUSY အဖွဲ့ဟာ လက်နက်ကိုင်အဖွဲ့ မဟုတ်ဘူးဗျ။ မင်းအောင်လှိုင်တို့ ဖက်ဆစ်စစ်တပ် အာဏာ သိမ်းပြီးကတည်းက ခေတ်ကာလရဲ့ လိုအပ်ချက်တွေအရ တက္ကသိုလ်ကျောင်းသားကျောင်းသူ လူငယ်တွေ၊ အချို့နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်တယ်။

အဓိက ဖိနှိပ်အနိုင်ကျင့်ခံပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုကို ဆက်လက်ရှင်သန်စေဖို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့ CDM မှာ ပါဝင်လာဖို့၊ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် ကျွန်တော်တို့အဖွဲ့က အဓိက လုပ်ဆောင်တာဖြစ်ပါတယ်။

ပြီးတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ် အဆုံးသတ်ရေးအတွက် ပြည်သူတွေ အားမလျှော့ဘဲ နည်းမျိုးစုံနဲ့ တော်လှန်ရေး မှာ ပါဝင်လာဖို့ကို ခွန်အားဖြစ် စေမယ့် စာစောင်တွေ၊ ဂျာနယ်တွေ၊ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ နောက်တစ်ခုက CDM ဝန်ထမ်းတွေအတွက်ကို ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ အလှူခံပြီး မျှဝေပေးတောတွေ လုပ်ဆောင်ခဲ့ပါတယ်။

မေး။ ။ ဘာကြောင့် လက်နက်တွေနဲ့ မိတယ်လို့ စစ်တပ်က ပြောခဲ့တာလဲ ခင်ဗျ။

ဖြေ။ ။ ကိုအောင်ကျော်ကျော်ဦးဟာ လှိုင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တယ်။ သူဟာ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာ လုပ်မှာဖြစ်သလို ကျွန်တော်တို့ RUSY မှာလည်း အလွတ်သဘော ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ကိုထက်အောင်မင်းဆိုရင် အဖမ်းခံရတုန်းက CDM ဝန်ထမ်းတွေကို ပေးဖို့ ပိုက်ဆံတွေနဲ့ အဖမ်းခံခဲ့ရတာပါ။ ဆိုတော့ ဒီလိုပုံစံမျိုး လက်နက်နဲ့ အဖမ်းခံရတယ်ဆိုတာက ဗမာစစ်တပ်ရဲ့ တစ်ဖက်သတ် စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဆက်တိုက်တွေ့လာရတာက လူငယ်တွေကို ဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေကို ဖြစ်ဖြစ် ဖမ်းဆီးမိလို့ရှိရင် စစ်တပ်က သူတို့ရဲ့ လက်နက်ပစ္စည်းတွေနဲ့ ဓာတ်ပုံရိုက်ပြီး လက်နက်နဲ့ ဖမ်းဆီးမိတယ် ဆိုပြီး ဝါဒဖြန့်လေ့ရှိပါတယ်။

နိုင်ငံတကာဖိအားအရ ဗမာစစ်တပ်ဟာ တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံရေးသမားတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးဖို့ ခက်ခဲလာတယ်။ ဆိုလိုတာက ၅၀၅နဲ့ အစွဲခံရတဲ့သူတွေ ပြန်လွတ်လာတဲ့ ဖြစ်စဉ်ကို ကြည့်ပြီး သိနိုင်တယ်။ ဆိုတော့ အခုက နိုင်ငံရေးပုဒ်မတွေ မဟုတ်တဲ့ လက်နက်ကိုင်ဆောင်မှု၊ ဖောက်ခွဲဖျက်ဆီးမှု၊ လူသတ်မှုအစရှိတာတွေနဲ့ စွဲချက်တင်ချင်လို့ လုပ်ဆောင် လာတာဖြစ်တယ်။

မေး။ ။ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကိုရော ဆက်သွယ်သေးလား။

ဖြေ။ ။ ကိုအောင်ကျော်ကျော်ဦးကတော့ လင်မယားနှစ်ယောက်လုံး ဖမ်းဆီးခံလိုက်ရတယ်ဆိုတော့ မသိနိုင်ဘူး။ ကိုထက်အောင်မင်းကိစ္စမှာတော့ ထူးခြားမှုရှိတယ်။ ကိုထက်အောင်မင်းရဲ့ မိသားစုဝင်တစ်ဦးဦးကို ထောက်လှမ်းရေးက ကိုထက်အောင်မင်းသူငယ်ချင်းယောင် ဟန်ဆောင်ပြီး ဆက်သွယ်ပြီးတော့ ကိုထက်အောင် မင်း အဖမ်းမခံရသေးဘူး၊ နေရာတစ်နေရာမှာရှိတယ်၊ လုံခြုံတယ်၊ ဖုန်းမဆက်ဖို့ သူကမှာ လိုက်တယ်၊ ပြီးတော့ ပိုက်ဆံ (၅)သိန်းထည့်ပေးဖို့မှာ လိုက်တယ်ဆိုပြီး ပိုက်ဆံ (၅)သိန်း လိမ်လည်ယူဆောင်သွားတယ်လို့ သိရတယ်။

မေး။ ။ ဖမ်းဆီးခံရတဲ့သူတွေ ဘာတွေ ဆက်ဖြစ်နိုင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ RUSY အနေနဲ့ကတော့ ကျွန်တော်တို့ရဲဘော်နှစ်ယောက်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အသိ အမှတ်ပြုတယ်။ တစ်ဖက်မှာလည်း သူတို့ကို မဟုတ်မတရား ဘယ်ကရလာမှန်းမသိတဲ့ လက်နက်တွေနဲ့ စွပ်စွဲထားတဲ့အတွက် စိုးရိမ်တယ်။

အဓိကကတော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီးတော့မှ စစ်တပ်က ရေးထားတဲ့ ဇာတ်လမ်းဇာတ်ကွက်အတိုင်း ဘယ်နေရာမှာ ဘာလုပ်တယ် ကျွန်တော်တို့ လက်နက်ဖြစ်တယ် အစရှိတဲ့ လုပ်ဇာတ်တွေကို သေနတ်နဲ့ချိန် ရွတ်ဖတ်ခိုင်းပြီး ဗီဒီယိုရိုက် ထုတ်လွှင့်တဲ့ ပုံစံမျိုးတွေလည်း ပေါ်လာနိုင်တယ်။

အဓိကကတော့ တော်လှန်ရေးကို ပုံဖျက်ပြီးမှ လူတွေအချင်းချင်းကြား သွေးကွဲအောင် လုပ်ဆောင်မယ့်ပုံစံမျိုုးပေါ့။ ဒါကို ပြည်သူတွေက အသိတရား၊ သတိတရားယှဉ်တွဲပြီးတော့မှ တော်လှန်ရေးကို ရတဲ့နည်းတဲ့ အောင်မြင်တဲ့အထိ လုပ်ဆောင်သွားဖို့လိုပါတယ်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*