သတ်ဖြတ်ခံနေရခြင်း၊ နုတ်ထွက်ခြင်းနှင့် အုပ်ချုပ်ရေးမှူးများ အုပ်ချုပ်၍မရစေရန် ကြိုးပမ်းလှုပ်ရှားလာကြချိန်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၅၀ ၀န်းကျင်နှင့် စစ်ကောင်စီအလိုတော်ရိဟု သတင်းကြီးသူများ အသတ်ခံလိုက်ရသည်

ပေ ၁၀၀ ခန့်ရှည်သည့် လမ်းသွယ်လေးထဲ ဝင်လာသူတို့ကို သံဆူးကြိုး အရံအတားများဘေးမှ လက်နက်ကိုင်စစ်သား တစ်ဒါဇင်ခန့်က မျက်နှာထားတင်းတင်းဖြင့် စစ်ဆေးမေးမြန်းနေကြသည်။

ရန်ကုန်၊ တာမွေမြို့နယ်မှ လူနေထူထပ်သည့် ကျားကွက်သစ်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးတည်ရှိသည့် ဤလမ်းသည် ဧည့်စာရင်းမတိုင်လျှင် ထောင်ချမည်ဆိုသည့် ကြေညာချက်ကြောင့် ဧည့်စာရင်းလက်ခံချိန်တိုင်း စည်ကားခဲ့ဖူးသည်။

သို့သော်လည်း ရုံးသို့သွားသူသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သူ့နေအိမ်ရှေ့ ကားအတွင်း ပစ်သတ်ခံရပြီးနောက်တွင် နည်းသည်ထက်နည်းလာပြီး ဧည့်စာရင်းလည်း လိုက်မစစ်တော့ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတို့က ပြောသည်။

ရုံးတွင်လည်း စစ်သားများသာရှိတော့သည်ဟု ထိုရပ်ကွက်အနီး နေထိုင်သည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“အခုက ရပ်ကွက်ထဲ ဧည့်စာရင်းစစ်မစစ်တော့ မသိဘူး၊ သူတို့ရုံးတောင်သူတို့ လုံခြုံအောင် မနည်းပြန်စောင့်နေရတဲ့ အနေအထား” ဟု အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

အာဏာသိမ်းပြီး ၅ လကျော်ကြာလာချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်အပ်ပြီး ပြည်သူတို့ ငြိမ်ဝပ်ပိပြားသွားအောင် စစ်ကောင်စီက ကြိုးစားနေသကဲ့သို့ ထိုကြိုးပမ်းမှု အရာမထင်စေရန် တန်ပြန်သည့် လှုပ်ရှားမှုများနှင့်လည်း ရင်ဆိုင်လာနေရသည်။

ထိုလှုပ်ရှားမှုများတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတွင် ပါဝင်သူအများအပြားကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ ရုံးများကို တိုက်ခိုက်ဖျက်ဆီးခြင်းတို့ ပါဝင်သည်။

၅ လ အတွင်း ၅၀ ကျော် အသတ်ခံရ

၄၅ နှစ်အရွယ်ခန့်ရှိသည့် ဒေါ်စိုးစိုးလွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်စက ဆန္ဒပြလူငယ်များကို ဖမ်းဆီးရာတွင် ကိုယ်တိုင်လိုက်ပါတတ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။ တာဝန်ယူပြီး နှစ်လကျော်အကြာ ဇွန် ၈ ရက်တွင် အသတ်ခံရပြီး ယနေ့အထိ သူ့နေရာကို အစားထိုးနိုင်ခြင်းမရှိသေးပေ။

ဘေးချင်းကပ်လျက် ပုသိမ်ညွန့်ရပ်ကွက်တွင် ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးနေလင်းဦးကို ဧပြီမှစတင်ကာ ပြန်ခန့်ထားသော်လည်း ရုံးပြန်ဖွင့်ကာစရက်ပိုင်းသာ ရုံးထိုင်သည်ကို တွေ့ရသည်၊ ဧည့်စာရင်းစာရွက်များတွင် သူ့ကိုယ်စားလက်မှတ်ထိုးပေးခဲ့သူမှာ ဗိုလ်ကြီးတစ်ဦးဖြစ်သည်ဟု သိရသည်။

ဇွန်လကုန်ပိုင်းမှစပြီး ရုံးသော့ခတ်ထားကြောင်း ဧည့်စာရင်းတိုင်ရန် ကြိုးစားခဲ့သူတချို့က ပြောသည်။

“ဒီလောက် တစ်ဒိုင်းဒိုင်းပစ်သတ်နေတာဗျာ။ ဒါမှ လုပ်ရဲရင်လည်းလုပ်ပေါ့။ အခုကလည်း သူတို့ (စစ်ကောင်စီ) ကိုယ်တိုင် မကာကွယ်ပေးနိုင်တော့ဘူးနေမှာပေါ့၊ ဘယ်သူမှ ရုံးမလာရဲတော့ဘူး” ဟု ရပ်ကွက်ရုံးအနီးနေထိုင်သူတစ်ဦးက ပြောသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး စစ်ကား၊ ရဲကားများကို ယခင်ကလောက် မတွေ့ရတော့ကြောင်း ကျောက်မြောင်းသားများက ပြောသည်။

မေ ၃ ရက်က သာကေတမြို့နယ် ၇ အနောက်ရပ်ကွက်မှ အသက် ၅၀ နီးပါးရှိသူ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ကို ဓားကိုင်အမျိုးသား ၃ ဦးက နေအိမ်ထဲဝင်ကာ သတ်ဖြတ်ခဲ့သည်။

၎င်းသည် ရပ်ကွက်အတွင်း သံပုံးတီးတာမရှိစေရဟု ကြိမ်းမောင်းခဲ့သည့် ဒလန်အကြီးစားဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

Myanmar Now က ရရှိထားသည့် စာရင်းများအရ အာဏာသိမ်းပြီး ၅ လကျော်အတွင်း လုပ်ကြံသတ်ဖြတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ဒလန် စုစုပေါင်း ၅၀ ကျော်အထိ ရှိနေပြီး ထိုအထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၉ ဦး ပါဝင်သည်။

စစ်ကောင်စီက ရပ်ကွက်အတွင်း လူများ၊ အိမ်များ ရှာဖွေရခက်သည့်အခါ ၎င်းတို့ကို လမ်းပြသဘောမျိုး ခိုင်းစေလေ့ရှိသည်။

ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဦထွန်းရည်သည် ဇွန် ၃ ရက်က လမ်းဆုံတစ်ခုတွင် ၎င်း၏ ကားအတွင်း၌ ရှိနေစဉ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

“အုပ်ကြီးပစ်ခံရပြီးနောက်ပိုင်း ရပ်ကွက်ရုံးကို လုံခြုံရေးယူတာမရှိတော့ဘဲ ညနေဘက်ဆို စစ်ကားနဲ့ ရပ်ကွက်ထဲ လမ်းမကြီးတွေမသုံးဘဲ လမ်းသွယ်ထဲကနေ ပတ်တာ။ သူတို့ကသာ သေနတ်ကြီးတွေ အပြင်ထုတ်ပြီး အသင့်အနေအထားနဲ့ပတ်နေတာ၊ ရပ်ကွက်ထဲကလူတွေက ပုံမှန်ပဲ” ဟု ထိုရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

ရုံးကို သော့ခတ်ပိတ်ထားသည်။ အနီးအနားရှိ အခြားသော ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများလည်း ထွက်စာတင်ထားပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီး အဆိုပါရုံးများတွင် အုပ်ချုပ်ရေးမှူးများရုံးမထိုင်တော့ဘဲ စာရေးများသာရှိပြီး နေ့စဉ် ညနေပိုင်း ၂ နာရီခန့်သာ ရုံးဖွင့်တော့သည်ဟု သိရသည်။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*