သမ္မတနှင့် အတိုင်ပင်ခံတို့ကို တွေ့ဆုံခွင့် ရရှိရေး ရှေ့နေအဖွဲ့ တောင်းဆိုမည်

သမ္မတနှင့် အတိုင်ပင်ခံတို့ကို တွေ့ဆုံခွင့် ရရှိရေး ရှေ့နေအဖွဲ့ တောင်းဆိုမည်

နေပြည်တော်၊ သြဂုတ် ၂၃

နေပြည်တော်တွင် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို အကြောင်းပြပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို တစ်လခွဲကြာသည်အထိ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့် မရသဖြင့် ယခုတပတ်အတွင်း အမှုသည်များနှင့် တွေ့ ဆုံခွင့် ရရှိရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားရန် ရှေ့နေများက စီစဉ်လျက်ရှိကြောင်း သိရသည်။

“ရှေ့နေတွေအနေနဲ့ အမှုသည် အကုန်လုံး တွေ့ဆုံခွင့် ရရှိဖို့ လျှောက်ပါမယ်။ သမ္မတကြီးရော၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော၊ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ကိုရော ၃ ယောက်စလုံးကို တွေ့ ခွင့် လျှောက်ပါမယ်”ဟု ရှေ့နေတဦးက ပြောသည်။

လက်ရှိတွင်လည်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို မြေအမှုတခုဖြင့် နေပြည်တော်ရှိ ရဲစခန်းတခုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်ထားပြီး မန္တလေးတိုင်းတရားလွှတ်တော်က စုံစမ်းစစ်ဆေးဖွယ်ရှိကြောင်းလည်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် နေပြည်တော်ရှိ မြေကွက် ၁၆ ကွက် ချထားပေးမှုနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ စီးပွားရေးဇုန် မြေကွက်များ ချထားပေးရာတွင်လည်း နိုင်ငံတော်အတွက် နစ်နာမှုများ ရှိခဲ့သည်ဟု ဆိုကာ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒု မြို့တော်ဝန် ဦးရဲမင်းဦး၊ စည်ပင်ကော်မတီဝင် ဦးမင်းသူနှင့် ဒေါ်စံပယ်အောင်တို့ကိုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုတစ်မှု ထပ်ဖွင့်ထားကြောင်း သိရှိရသည်။

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အကြမ်းဖက် စစ်ကောင်စီက ပုဒ်မမျိုးစုံဖြင့် စွပ်စွဲထားရာ အဂ တိလိုက်စားမှု၊ သဘာဝဘေးအန္တရာယ် ပုဒ်မများ၊ ဆက်သွယ်ရေး ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ အစိုးရ လျှို့ဝှက်ချက် ဥပဒေတို့ဖြင့် အရေးယူရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*