ဟေတီ ယာယီဝန်ကြီးချုပ် နှုတ်ထွက်မည်

ဟေတီနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ် Claude Joseph က နိုင်ငံရေးအရ သူ့ကိုစိန်ခေါ်သူလည်းဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုပိုမိုရရှိထားသူအတွက် အခွင့်အလမ်းရရှိစေဖို့ သူ့အနေနဲ့ ရာထူးကနေနုတ်ထွက်မယ့်အကြောင်း မနေ့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ (၇)ရက်နေ့မှာ ဟေတီသမ္မတ Jovenel Moise လုပ်ကြံခံရပြီးကတည်းက ယာယီဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ Claude Joseph က သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ကြောင်း Washington Post သတင်းစာကြီးကို ပြောကြားခဲ့တာပါ။ သူ့နေရာမှာ အသက် (၇၁)နှစ်အရွယ် ဦးနှောက်နဲ့ အာရုံကြောအထူးကု ခွဲစိတ်ဆရာဝန်ကြီး Ariel Henry က တာဝန်ယူမှာဖြစ်ပါတယ်။

ဒီလိုနိုင်ငံရေး အခင်းအကျင်းမျိုးကို သူ့အနေနဲ့ စိတ်မဝင်စားဘူးဆိုတာ သူ့ကိုသိတဲ့သူတိုင်း သိကြတယ်လို့ ယာယီဝန်ကြီးချုပ် Joseph က Washington Post သတင်းစာကို ပြောကြားခဲ့ပါတယ်။ သူဟာ လုပ်ကြံခံရတဲ့ သူငယ်ချင်းဖြစ်သူ သမ္မတအတွက် တရားမျှတမှုရရှိဖို့ကိုပဲ စိတ်ဝင်စားကြောင်း Joseph ကပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ သူနုတ်ထွက်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စေ့စပ်ညှိုနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဟေတီရွေးကောက်ပွဲဆိုင်ရာ ဝန်ကြီး Mathias Pierre ကပြောပါတယ်။ ဒါအပြင် Joseph ဟာ နိုင်ငံခြားရေးဝန်ကြီး ပြန်ပြီးဖြစ်လာဖို့ရှိတယ်လို့လည်း သူကဆိုပါတယ်။

သမ္မတ Moiseဟာ Port-au-Prince. မှာရှိတဲ့ သူရဲ့အိမ်ကို လုပ်ကြံသူတွေ၀င်ရောက်စီးနင်းချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

VOA BURMISE NEW

Be the first to comment

Leave a Reply

Your email address will not be published.


*