အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ခွဲစိပ်အထူးကု ဆရာဝန်တစ်ဦးကို အမြန်ပြန်လွတ်ပေးဖို့ မန္တလေး ကျန်းမာရေး မိသားစုတောင်းဆို

အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ခွဲစိပ်အထူးကု ဆရာဝန်တစ်ဦးကို အမြန်ပြန်လွတ်ပေးဖို့ မန္တလေး ကျန်းမာရေး မိသားစုတောင်းဆို

မဇ္စျိမ၊ဇူလိုင်-၂၀

အကြမ်းဖက် စစ်ကောင်စီရဲ့ ရိုက်နှက် ဖမ်းဆီးခံခဲ့ရတဲ့ နာမည်ကြီး ခွဲစိပ်အထူးကု ဆရာဝန် ဒေါက်တာ သက်ဌေးကို ပြန်လွတ်ပေးဖို့ မန္တလေး ကျန်းမာရေး မိသားစုက တောင်းဆိုလိုက်ပါတယ်။

ဒေါက်တာ သက်ဌေးဟာ CDM ဝင်ထားသူဖြစ်ပြီး မန္တလေးမြို့မှာရှိတဲ့ ပရဟိတ ဆေးရုံ၊ဆေးခန်းတွေမှာ အခမဲ့ ခွဲစိပ်ကုသပေးနေသူတစ်ဦးဖြစ်ကာ ဇူလိုင် ၁၆ရက်နေ့က ပရဟိတဆေးရုံတစ်ခုကနေ လူနာကြည့်ပြီးအပြန်လမ်းမှာ အာဏာသိမ်း စစ်​ကောင်စီ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

“အမြန်ပြန်လွှတ်ပေးပါလို့ပဲ တောင်းဆိုချင်တယ်။ပြောစရာ စကားလုံးမရှိဘူး။”လို့ ဆရာဝန်တစ်ဦးကပြောပါတယ်။

နောက်ထပ် ဆရာဝန် တစ်ဦးကလည်း”ဒါပြန်ပေး ဆွဲခံရတာပဲ။”လို့ပြောပါတယ်။

ဒေါက်တာသက်ဌေးဟာ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းမှုတွေကြောင့် ဒဏ်ရာရသူ ပြည်သူတွေကိုလည်း တောက်လျှောက်ပြုစုကုသပေးနေခဲ့တဲ့ ဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လနဲ့ဧပြီလအတွင်း
မန္တလေးမြို့က သပိတ်အင်အားစုတွေကို စစ်ကောင်စီက နေ့ရော ညပါ ရက်ရက်စက်စက် ဖြိုခွင်းခံရတဲ့အချိန်တွေမှာလည်း ဒေါက်တာ သက်ဌေးဟာ ဒဏ်ရာရလူနာတွေအတွက် ၂၄ နာရီ ပတ်လုံး အမြဲအဆင်သင့်ရှိနေခဲ့သူ တစ်ဦးလည်းဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေက ပြောပါတယ်။

“ညဘက် သန်းခေါင်သန်းလွှဲ ကာဖျူးထုတ်ထားချိန် စစ်ကောင်စီတပ်တွေက တစ်လမ်းဝင် တစ်လမ်းထွက် ပစ်ခတ်နေချိန်တွေမှာ ဒေါက်တာသက်ဌေးဟာ သူ့ရဲ့ ကိုယ်ပိုင်ကားလေးကို တယောက်တည်းမောင်းမောင်းပြီး အရေးပေါ်လူနာတွေရှိရာကို အရောက်သွားပြီး ပြုစုကုသပေးခဲ့တာ ကျန်းမာရေး အသိုင်းအဝိုင်းနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေသိပါတယ်”လို့ မန္တလေး ကျန်းမာရေး မိသားစုဝင်တွေကပြောပါတယ်။

ဒေါက်တာ သက်ဌေးဟာ မန္တလေးဆေးတက္ကသိုလ်မှာ အသည်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုပညာဘာသာရပ်အား ဆေးလက်တွေ့ပါရဂူဘွဲ့အတွက် သင်တန်းတက်ရောက်နေသူဖြစ်ပြီး CDM လုပ်ဆောင်မှုကြောင့် ဇူလိုင်ပထမအပတ်က ထုတ်ပယ်ခံရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မန္တလေး ကျန်းမာရေး မိသားစု လူမှုကွန်ရက် စာမျက်နှာကနေ
ဇူလိုင် ၁၉ရက်နေ့က ဒေါက်တာ သက်ဌေးကို အမြန်ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီတောင်းဆိုချက်ထဲမှာ “စစ်ကောင်စီမှ ဝါဒဖြန့်နေသကဲ့သို့
CDM ဆရာဝန်များကြောင့် လူနာများ အသက်ဆုံးရှုံးနေရတာ မဟုတ်ဘဲ၊စစ်ကောင်စီကသာ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ မတရားဖမ်းဆီးချုပ်နှောင် နှောင့်ယှက်မှုများကြောင့်သာ ပြည်သူများ ထိခိုက်နစ်နာနေရခြင်းဖြစ်ပါတယ်။

အခုလို ကိုဗစ်ရောဂါကြောင့် ပြည်သူအများ ဒုက္ခရောက်နေချိန်မှာ ဒေါက်တာသက်ဌေးကဲ့သို့ အရည်အချင်းရှိသော ထက်မြက်သော ဆရာဝန်ကို မတရားဖမ်းဆီးချုပ်နှောင်ထားပြီး ရိုက်နှက်နှိပ်စက်နေခြင်းဟာ ပြည်သူလူထုအတွက် အင်မတန် ထိခိုက်နစ်နာစေသည့်အတွက် ဒေါက်တာသက်ဌေးကို အမြန်ဆုံး ( အမြန်ဆုံး) ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပါတယ်။”လို့ ရေးသားထားပါတယ်။

စစ်ကောင်စီအနေနဲ့ ကျန်းမာရေး CDM ဝင်ထားသူတွေကို အခုလို ဖမ်းဆီးနေတာဟာ ပြည်သူ့ ကျန်းမာရေးကို အလေးမထားဘဲ လူသတ်လိုစိတ်ပဲ ရှိနေတယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်၏

လက်ရှိ မန္တလေးရှိ လူနာအများစုဟာ ပရဟိတ ဆေးရုံး ဆေးခန်းတွေပဲ အားကိုးအားထားပြုနေရပါတယ်။စစ်ကောင်စီကလည်း ပရဟိတ ဆေးရုံ ဆေးခန်းတွေ ဝင်ရောက် စစ်ဆေး တားဆီးတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*