အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲတွင် CDM သူနာပြု ကိုစည်သူလွင်ကို PDF အဖွဲ့ဝင်ဟု လိမ်လည် ပြောဆို ဝါဒဖြန့် 

အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲတွင် CDM သူနာပြု ကိုစည်သူလွင်ကို PDF အဖွဲ့ဝင်ဟု လိမ်လည် ပြောဆို ဝါဒဖြန့်

 

ရန်ကုန်၊ သြဂုတ် ၂၈

 

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ကင်းမကျေးရွာကို ဇွန်လ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် CDM သူနာပြု ကိုစည်သူလွင်ကို PDF အဖွဲ့ဝင်ဟု လိမ်လည် ပြောဆို ဝါဒဖြန့်ခဲ့ကြောင်း ကိုစည်သူလွင်နှင့် အရင်းနှီးဆုံးနေထိုင်ခဲ့သူ အမည်မဖော်လိုသည့် CDM ဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။

 

” အခုသူ့ကို ပေါက်မြို့နယ် ရဲစခန်းမှာ အချုပ်ချထားတယ်။ နောက်ပြီးတော့ သူကို ဖမ်းပြီးပြီးခြင်း ကပစ တပ်ထဲမှာ သုံးရက်လောက် စစ်ကြောရေးဝင်ပြီး အခုလိုတွေ မဟုတ်မမှန်ထွက်ဆို ခိုင်းတာတွေ လုပ်ခဲ့တာ Covid အကြောင်းပြပြီး အခုထိတွေ့ခွင့်မပေးသေးဘူး။

 

အခုထိ အချုပ်ထဲမှာ အဆင်ပြေတယ်လို့တော့ သိရပါတယ်။ သူတို့ပြောစေချင်တာတွေ ပြောပေးတဲ့အတွက် ဘာမှမလုပ်တာနေမှာပါ” ဟု အမည်မဖော်လိုသည့် CDM ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

 

ထိုသို့ ကင်းမကျေးရွာသားများကို ဆေးခန်းဖွင့်ကာ ပရဟိတဆေးကုသမှုများ လုပ်ဆောင်နေစဉ် ဩဂုတ်လ၂ရက်နေ့တွင် ဆေးခန်းအတွက် လိုအပ်သည့် မန္တလေးက လှူတန်းလိုက်သော ဆေးပစ္စည်းများအား ပေါက်မြို့နယ် ကားဂိတ်တွင် သွားရောက်ထုတ်ယူပြီး အပြန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

” အဓိကကတော့ အဖမ်းခံရတဲ့သူတွေက ကင်းမရွာသားတွေနဲ့ ကင်းမကို ပရဟိတ လာလုပ်တဲ့သူတွေဆိုတော့ ကင်းမမီးရှို့တဲ့ဖြစ်စဉ်ကိုလွှဲချဖို့ အလီဘိုင်ရပြီဆိုပြီး ခုလိုတွေ လုပ်လိုက်ကြတာဖြစ်မယ်။ ကင်းမနယ်ခံတွေကလည်း သွားတွေ့ချင်ပေမယ့် ဒီကောင်တွေက ကင်းမက ဆိုတာနဲ့ ဖမ်းနေတော့ မသွားရဲကြဘူး။ ကိုစည်သူလွင်က မန္တလေးကပါ။

 

ကင်းမရွာ မီးရှို့ခံရအပြီးမှာ သူငယ်ချင်းတွေစုပြီး ဆေးခန်းသွားဖွင့်ပေးကြတာ စစ်ဘေးရှောင်တွေအတွက် နဂိုက တစ်ပတ်ပဲဆိုပြီး သွားတာ ဟိုမှာသူ့အပေါ်မှီခိုကြတော့ ပြန်မလာဖြစ်တော့တာ” ဟု ကိုစည်သူလွင်နှင့် အရင်းနှီးဆုံးနေထိုင်ခဲ့သူ အမည်မဖော်လိုသည့် CDM ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

 

 

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*