အတိုက်အခံများအား တိုက်ခိုက်ရေး ရပ်ကျေးပြည်သူ့စစ်များ ဖွဲ့ရန် စစ်ကောင်စီ စဉ်းစား

အတိုက်အခံများအား တိုက်ခိုက်ရေး ရပ်ကျေးပြည်သူ့စစ်များ ဖွဲ့ရန် စစ်ကောင်စီ စဉ်းစား

 

ဩဂုတ်လ ၂၅ ရက်၊

 

အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို ထိန်းချုပ်နိုင်ကြောင်း ပြသနိုင်ရန် မြန်မာစစ်အာဏာသိမ်းအုပ်စုအနေဖြင့် ရုန်းကန်နေရချိန်၌ ၎င်း၏ အုပ်ချုပ်ရေးကို အတိုက်အခံပြုသူများအား တိုက်ခိုက်ရန် ရပ်ကျေးပြည်သူ့စစ်များ ဖွဲ့စည်းရေးကို စဉ်းစားလျက်ရှိနေသည်ဟု နိုင်ငံပိုင်သတင်းက အင်္ဂါနေ့တွင် ဖော်ပြသည်။

 

ကြီးမားသော ဒီမိုကရေစီ လိုလား ဆန္ဒပြပွဲများနှင့် စစ်တပ်၏ သွေးမြေကျ ဖြိုခွင်းမှုများ ဖြစ်ပွားပေါ်ပေါက်စေသော ဖေဖော်ဝါရီ အာဏာသိမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချခဲ့ချိန်မှစကာ နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေ ကြုံကြိုက်နေသည်။

 

ဒေသ ‘ကိုယ်ပိုင်ကာကွယ်ရေးအုပ်စုများ’က စစ်တပ်အား တော်လှန်တိုက်ခိုက်နေပြီး အမဲလိုက်ရိုင်ဖယ် တူမီးသေနတ်များ၊ ယာယီတောတွင်းစက်ရုံထုတ် လက်နက်များဖြင့်ပင် ခုခံတိုက်ခိုက်ကြသည်။

 

အာဏာမသိမ်းခင်ကတည်းက စစ်တပ်နှင့် ထိပ်တိုက်တွေ့မှုများ ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ထက်မနည်း ရှိနေခြင်းကြောင့် အသစ် ပေါ်ပေါက်လာသော ကိုယ်ပိုင်ကာကွယ်ရေးအုပ်စုများကြောင့် အပြောင်းအလဲများကို ထပ်လောင်းအားဖြည့်နေသည်။

 

စစ်အာဏာသိမ်းအုပ်စုက ကိုယ်ကိုကို သတ်မှတ်ခေါ်ဝေါ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ‘ကျေးရွာပြည်သူ့စစ်တပ်များ စနစ်တကျဖွဲ့စည်းရေး’ ဆွေးနွေးနေသည်ဟု နိုင်ငံပိုင် Global New Light of Myanmar သတင်းက အင်္ဂါနေ့တွင် ထုတ်ပြန်သည်။

 

စစ်အုပ်ချုပ်ရေးအား ဆန့်ကျင်ဆန္ဒပြသူများနှင့် ပတ်သက်ပြီး သတင်းပေးသူများကို ဆုကြေးငွေ ထုတ်ပေးရေးကိုလည်း စစ်ကောင်စီက ဆွေးနွေးခဲ့သည်။ လက်နက်နှင့် စစ်သင်တန်းများ ထောက်ပံ့နေသည့် နိုင်ငံအစွန်အဖျား ဒေသများမှ လက်နက်ကိုင်အုပ်စုများကို ‘ထိထိရောက်ရောက် ဟန့်တားရေး’ကိုလည်း ဆွေးနွေးကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌ ယခင်က အခြေစိုက်ခဲ့သည့် သုတေသီတစ်ဦးဖြစ်သော David Mathieson က စစ်တပ်အပေါ် မကျေနပ်ချက်များ ကြီးထွားနေပြီဖြစ်ရာ မည်သည့် ပြည်သူ့စစ်အတွက်မှ စိတ်ပါလက်ပါ စာရင်းပေးသွင်းကြမည့်သူ များများစားစား ရှိနိုင်လိမ့်မည် မဟုတ်ဟု အေအက်ဖ်ပီသို့ ပြောသည်။

 

“ဒါအပြင် စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးလိုက်သူတွေက တစ်ဖက်အတွက်ဖြစ်သွားမှာမျိုး တပ်မတော်အနေနဲ့ အကျပ်ရိုက်စရာလည်း ရှိနေတယ်”ဟု ၎င်းက ပြောသည်။

 

နိုင်ငံအနှံ့တွင် ကြိုကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အုပ်စုတစ်စုနှင့် ထိပ်တိုက်တိုက်ပွဲ၌ စစ်တပ်က လက်နက်အမြောက်ကြီးများ အသုံးပြုခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

 

စစ်အာဏာသိမ်းပြီးနောက် ရာထူးမှ ထွက်ခွာရန် ငြင်းပယ်ထားသူ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက စစ်ကိုင်းတွင် ပြည်သူ ၄၀ အား အစုပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် သတင်းအား ကုလသမဂ္ဂအား တပ်လှန့်သတိပေးခဲ့သည်။

 

ထိပ်တိုက်တိုက်ပွဲများသည် အများအားဖြင့် နယ်များတွင် အဖြစ်များသော်လည်း နိုင်ငံ၏ ဒုတိယမြို့တော် မန္တလေး၌ ဇွန်လအတွင်းက လက်နက်ကိုင်တိုက်ပွဲတစ်ရပ်အတွင်း ဆန္ဒပြသူ လေးဦးနှင့် စစ်အရာရှိနှစ်ဦး သေဆုံးခဲ့သည်။

 

အာဏာသိမ်းပြီးမှစကာ လုံခြုံရေးတပ်များ သတ်ဖြတ်ခဲ့သူပေါင်း ၁၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ဆိုသည်။ စစ်တပ်ကမူ သေဆုံးနှုန်းက အတော်လေး နည်းသည်ဟု ပြောထားသည်။

 

Credit- Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*