အပြင်ထွက် ဈေး၀ယ်ခွင့်ကတ်ကို အချိန်ပိုင်းသတ်မှတ်ထားပြီး ကတ်အ‌ရေအတွက် ကန့်သတ်ချက်ဖြင့်ထုတ်ပေး

အပြင်ထွက် ဈေး၀ယ်ခွင့်ကတ်ကို အချိန်ပိုင်းသတ်မှတ်ထားပြီး ကတ်အ‌ရေအတွက် ကန့်သတ်ချက်ဖြင့်ထုတ်ပေး

ပြည်မြို့တွင် ဈေးဝယ်ခွင့်ကတ်ကို အချိန် ၁ နာရီသာ အသုံးပြုခွင့်ပြုမည်ဖြစ်ပြီး ကတ်အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ပေးတော့မည်ဟု သိရသည်

ဈေး၀ယ်ခွင့်ကတ်ကို တစ်ဦးလျှင် ၁နာရီသာ အသုံးပြုခွင့်ပြုမည့်အပြင် အချိန်ပြည့်လျှင် ရပ်ကွက်ရုံးသို့ ပြန်လည်အပ်နှံရမည်ဖြစ်သည်။ ပြန်လည်အပ်နှံသည့် အဆိုပါကတ်ကို နောက်လူမှ ဆက်လက်သုံးစွဲရမည့် ယင်းစနစ်အား သြဂုတ်၂၃ရက်တွင် စတင်မည်ဖြစ်ကြောင်းသိရသည်။

၄င်းကတ်များကို ရာအိမ်မှူးများထံတွင် ထုတ်ယူရမည်ဖြစ်ပြီး အိမ်‌ခြေ ၁၀၀အတွက် အများဆုံး၂၅ကတ် ထုတ်ပေးထားကြောင်း သိရသည်။

“အရင်ရက်က အိမ်၁၀၀စာကို ကတ်၅ကတ်လောက်ပဲ ထုတ်ပေးမယ်လုပ်တာဗျ။ အဲဒီ‌ေတာ့ အဆင်မပြေနိုင်ဘူးလို့ ပြောတော့ အခုပြန်ပြင်လိုက်တယ်။ ၂၅ကတ်ဖြစ်သွားပြီ ။အဲဒီလိုဆိုတော့ မဆိုးဘူး။ မနက်ဖြန်ကစပြီး အသက်ဝင်မယ်လေ။ လုပ်တဲ့ရည်ရွယ်ချက်က ဈေးမှာ လူအရမ်းများနေလို့ အခုလိုလုပ်တာလို့တော့ ကြားမိတယ်”ဟု ပြည်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ယခင်က ဈေးဝယ်ခွင့်ကတ်ကို အိမ်ထောင်စုတစ်စုလျှင် တစ်ကတ်ထုတ်ပေးခဲ့ပြီး အသစ်ကျင့်သုံးမည့် စနစ်သည် ယင်းစနစ်ကိုပယ်ဖျက်ပြီး အစားထိုးထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြောင်းလဲသတ်မှတ်ခြင်းကြောင့် အဆင်မပြေမှုများပိုမို ကြုံတွေ့ရနိုင်သလို ကတ်မှတဆင့် ရောဂါပိုးကူးစက်မည်ကို စိုးရိမ်နေရသည်ဟု ဝေဖန်မှုများရှိနေသည်။ အချို့ရပ်ကွက်များတွင် ကတ်ကို အသုံးပြုခွင့် ၁ နာရီသတ်မှတ်ထားပြီး ဈေးနှင့်ဝေးသည့် နေရာမှ သူများကို အချိန်၂နာရီအထိ ခွင့်ပြုထားကြောင်းသိရသည်။

အဆိုပါကတ်ကို ထုတ်ယူရာတွင် ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရန်မလိုဟု သတ်မှတ်ထားသော်လည်း ငွေကြေးပေးရမည်ကို ရပ်ကွက်နေပြည်သူများက စိုးရိမ်နေကြသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*