အယ်ဒီတာ ကိုသန်းထိုက်အောင်ကို မတရားဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၁၆၀ ကျော်ပြီ

အယ်ဒီတာ ကိုသန်းထိုက်အောင်ကို မတရားဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၁၆၀ ကျော်ပြီ

 

 

မဇ္ဈိမသတင်းဌာန၏ အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို စစ်ကောင်စီကဖမ်းဆီးထားသည်မှာ ယခုဆိုလျှင် ၁၆၅ ရက်မြောက်ပြီဖြစ်သည်။

 

မတ်လ ၁၉ ရက်နေ့ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်၏ ရုံးထုတ်မှုကို သွားရောက်ခဲ့သော ကိုသန်းထိုက်အောင်နှင့် ဘီဘီစီသတင်းထောက် ကိုအောင်သူရတို့ကို စစ်ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။

 

ကိုအောင်သူရကို မတ်လ ၂၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကိုသန်းထိုက်အောင်ကိုတော့ ဆက်လက်ဖမ်းထားခဲ့သည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူးသိန်းဌေးက တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့သည်။ အာမခံမရဘဲ အကျဉ်းထောင်ထဲမှ တရားရင်ဆိုင်နေခဲ့ရသည်။

 

တရားလိုဘက်က အမှုစွဲတင်ရခြင်းအကြောင်းကိုတရားရုံးသို့တင်ပြရာတွင် အာဏာသိမ်းစစ်ကောင်စီက မတ်လ ၈ ရက်နေ့တွင် မဇ္ဈိမသတင်းဌာနအပါအဝင် မီဒီယာငါးခုကို ထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းသည့်ကြေညာချက်ကို ကန့်ကွက်ကြောင်းစာကို ကိုသန်းထိုက်အောင်က သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် မျှဝေထားခဲ့ခြင်းကြောင့်ဟု ပါရှိသည်။

 

ဇမ္ဗူသီရီ မြို့နယ်တရားရုံး၏ ဇူလိုင်လ ၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် နယ်ထိန်း ရဲတပ်ကြပ် ကိုကိုလေးကို စစ်မေးမှုပြုလုပ်ခဲ့သည်။

 

“ ကိုသန်းထိုက်အောင်ရဲ့ ( ဖေ့စ်ဘွတ်) အကောင့်ကိုသိလားဆိုပြီး နယ်ထိန်းကိုကိုလေးကိုမေးတော့ သူက မသိဘူးလို့ဖြေတယ်။ နောက် ကိုသန်းထိုက်အောင်ရဲ့ ဖုန်းနှစ်လုံးကိုလည်း သူတို့သိမ်းထားတယ်။ အဲမှာလည်း ကိုသန်းထိုက်အောင်ရဲ့ အချက်အလက်ကိုမတွေ့ရဘူး ။ လက်ရှိမှာ သူတို့ဘက်ကသက်သေမပြနိုင်ဘူး ဖြစ်နေတယ် “ လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

 

ဇူလိုင်လ ၈ ရက်နေ့က ရုံးထုတ်ခဲ့ပြီးနောက် ဆက်လက်ကြားနာမှုမလုပ်ဘဲထားသည်။

 

လက်ရှိအချိန်အထိ ရဲစခန်းမှူး ဒုရဲမှူးသိန်းဌေး ၊ ဒုရဲအုပ် ထိုက်လင်း ၊ ဒုတပ်ကြပ်ကိုကိုလေးတို့ကို စစ်ဆေးပြီး သွားပြီး တရားလိုပြသက်သေလေးဦးစစ်မေးရန်ကျန်သေးသည်။

 

” လာမည့် စက်တင်ဘာလ ပထမပတ် တော့ ပြန်ဖွင့်မယ်ကြားတယ် “ ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

 

သို့သော် COVID-19 ကူးစက်မှုများနေသောကြောင့်ဟုဆိုကာ ရပ်ဆိုင်းထားခဲ့သော တရားရုံးထုတ်မှုများ ပြန်လည်စတင်မည့်ရက်ကို တရားဝင်ကြေညာခြင်းမရှိသေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*