အာဆီယံအထူးသံတမန် တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့် လွတ်လပ်စွာ တွေ့ဆုံနိုင်ရန် မင်းအောင်လှိုင်စစ်ကောင်စီအနေဖြင့် ဆောင်ရွက်ပေးရမည်ဟု ဥရောပသမဂ္ဂထုတ်ပြန်

အာဆီယံအထူးသံတမန် တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့် လွတ်လပ်စွာ တွေ့ဆုံနိုင်ရန် မင်းအောင်လှိုင်စစ်ကောင်စီအနေဖြင့် ဆောင်ရွက်ပေးရမည်ဟု ဥရောပသမဂ္ဂထုတ်ပြန်

 

ရန်ကုန်၊ အောက်တိုဘာ ၁၃

 

အာဆီယံအထူးသံတမန် အီရီဝမ်ယူဆွတ် မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ကြည့်ရှုရာ၌ အဆင်ပြေအောင် စစ်တပ်အနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ၎င်းတွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့်လွတ်လပ်စွာတွေ့ဆုံနိုင်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အာဆီယံအထူးသံတမန်နှင့်အတူ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက တောင်းဆိုထားသည်။

 

အောက်တိုဘာလ ၂၆ ရက်နေ့တွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပသမဂ္ဂ (EU) သည် ပဋိပက္ခအရှိန်အဟုန်လျှော့ချရေးလုပ်ငန်းစဉ်ကို စတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးကို ဆောင်ရွက်ရန်အလို့ငှာ လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေလျက်ရှိသော အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်း၍ ခိုင်မာပြတ်သားစွာ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အာဆီယံအထူးသံတမန်နှင့်အတူ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဟုဆိုရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံရေးပါတီများနှင့် လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ထားသည့် ဒီမိုကရေစီလိုလားသော အခြားအင်အားစုများစသဖြင့် သက်ဆိုင်ရာပတ်သက်ဆက်နွှယ်သူအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအနေဖြင့် အထူးပြောကြားလိုသည်ဟု ရေးသားထားသည်။

 

ဥရောပသမဂ္ဂသည် အများပြည်သူသေကျေပျက်စီးမှုများနှင့် နေရပ်စွန့်ခွာမှုများကိုပေါ်ပေါက်စေသည့် လက်နက်ကိုင်ပဋိပက္ခအရှိန်အဟုန်မြင့်တက်လာမှု၊ ကျေးလက်ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ သိသိသာသာ တပ်ဖြန့်ထားမှုနှင့် တိုက်ပွဲများတိုးပွားလာမှုတို့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်နှင့် လူ့အခွင့်အရေးများကို အပြည့်အဝလေးစားမှုရှိရန်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အာဏာသိမ်းမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ငြိမ်းခွင့်ပြုရန်၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကိုဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိစေရန်တို့ကို ထပ်လောင်းတောင်းဆိုထားသည်။

 

ဥရောပသမဂ္ဂသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေး အရေးပေါ်အကူအညီများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို လူသားချင်းစာနာထောက်ထားမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနှင့် အမှီအခိုကင်းမှုဆိုင်ရာ အခြေခံမူများနှင့်အညီ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဘေးကင်းလုံခြုံမှုရှိစေရန်အပြင် နေရပ်စွန့်ခွာသူများနှင့် လိုအပ်ချက်ရှိသူများအားလုံးထံ အကူအညီများ ဘေးကင်းမြန်ဆန်၍ အဆီးအတားမဲ့စွာ လက်လှမ်းမီရောက်ရှိအောင်ဆောင်ရွက်ပေးရန် စစ်တပ်အာဏာပိုင်များကို တိုက်တွန်းထားသည်။

 

EU သည် အဆိုပါအကူအညီများကိုပေးအပ်ရာ၌ လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံးအပါအဝင် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂက ဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*