အိမ်တံခါးဖွင့်မပေးသည့် လူငယ်ကို ကင်းလှည့်နေသည့် စစ်‌ကောင်စီတပ်ဖွဲ့က ပစ်သတ်

အိမ်တံခါးဖွင့်မပေးသည့် လူငယ်ကို ကင်းလှည့်နေသည့် စစ်‌ကောင်စီတပ်ဖွဲ့က ပစ်သတ်

ဝေယံမိုး – မဇ္ဈိမ

ပဲခူးတိုင်း၊ ဘုရားကြီးမြို့ အမှတ် ၃ ရပ်ကွက်၊ ဟံသာဝတီ ၂ လမ်းတွင် စစ်သားများ ညဘက် ကင်းလှည့်လာသည့်အချိန်၌ အိမ်ရှေ့ထွက် ဂိမ်းကစားနေသည့် လူငယ်က
အိမ်ထဲ၀င်ပြေးသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ရာ လူငယ်တစ်ဦး ကျည်ထိမှန်သေဆုံး သွားကြောင်း သိရသည်။

ဩဂုတ် ၁၄ရက်တွင် ကင်းလှည့်သည့် စစ်သားခြောက်ဦးခန့်က နေအိမ်ထဲ၀င်ပြေးသွားသော လူငယ်များအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ည ၉ နာရီလောက် လမ်းမျက်နှာချင်းဆိုင်က ဈေးဆိုင်ရှေ့က ခုံမှာ ဂိမ်းထိုင်ဆော့နေတဲ့ကောင်လေးက ညပိုင်း စစ်သားတွေ ကင်းလှည့်လာတဲ့အချိန် ကောင်လေးကကြောက်ပြီး ရှေ့ကအိမ်ကိုဝင်ပြေးတာ၊ အဲဒီအိမ်က ကလေးတွေကကြောက်လို့ထင်တယ် ။ အိမ်တံခါးပိတ်ထားတာကို ပစ်ကြတာ အဲဒီမှာ အိမ်ထဲမှာရှိတဲ့ အခြားလူငယ်တစ်ယောက် ကျည်ထိမှန်ပြီးသေသွားတာ” ဟုသေဆုံးသူ၏ မိသားစုဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

သေဆုံးသူသည် အသက် ၂၆ နှစ်အရွယ် ကိုရဲထက်ကို ဖြစ်ပြီး ဘယ်ဘက်ရင်အုံ ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်တစ်ရက်တွင် စစ်တပ်က မိသားစုဝင်များအား ခေါ်ဆောင်ကာ သေဆုံးသူ၏ ရုပ်အလောင်းကို ဘုရားကြီးမြို့ သုသာန်တွင် သင်္ဂြိုလ်စေခဲ့ကြောင်းသိရသည်။

သေဆုံးမှုဖြစ်စဉ်နှင့် ပါတ်သတ်၍ စစ်ကောင်စီတပ်သားများဘက်က သေဆုံးသူမိသားစုသို့ တစ်စုံတစ်ရာ အကြောင်းပြပြောဆိုခြင်း မပြုခဲ့ဘဲ သေဆုံးသူကိုင်ဆောင်သည့် ဖုန်းကိုသာ ပြန်ပေးခဲ့ကြောင်း မိသားစုဝင်က ပြောသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*