အိုင်ဒါဟာရီကိန်းမုန်တိုင်းကြောင့် နယူးအော်လန်းမြို့ မီးမှောင်ကျကာ သေဆုံးသူ ၁ဦးရှိ

အိုင်ဒါဟာရီကိန်းမုန်တိုင်းကြောင့် နယူးအော်လန်းမြို့ မီးမှောင်ကျကာ သေဆုံးသူ ၁ ဦးရှိ

 

မေရိကန် တောင်ပိုင်းပြည်နယ် လူဝီစီယားနားပြည်နယ်ဆီ အားပြင်းဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ရာမှာ ပြည်နယ်ရဲ့ အကြီးဆုံး နယူးအော်လန်းမြို့ဟာ တနင်္ဂနွေနေ့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ရပါတယ်။

 

ဟာရီကိန်း ကက်ထရီနာ တိုက်ခတ်တာနဲ့ ရင်ဆိုင်ရပြီး ၁၆ နှစ်အကြာမှာ ကြုံရတဲ့ အိုင်ဒါမုန်တိုင်းအတွင်း နယူးအော်လန်းမှာ အနည်းဆုံး လူတစ်ဦး သေဆုံးကြောင်း သိရပါတယ်။

 

အိုင်ဒါမုန်တိုင်းဟာ လူဝီစီးယားနားကမ်းရိုးတန်းဆီ အဆင့် ၄ မုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့ပေမယ့် တနင်္ဂနွေနေ့ ညပိုင်းမှာ အဆင့် ၁ မုန်တိုင်းအဖြစ် အားပျော့သွားခဲ့ပါတယ်။

 

ည ၁၁ နာရီအထိ အိုင်ဒါမုန်တိုင်းဟာ တစ်နာရီ ၉၅ မိုင်(၁၅၃ ကီလိုမီတာ) အမြင့်ဆုံး လေတိုက်နှုန်းနဲ့ လေပြင်းတွေ တိုက်ခိုက်နေပြီး ဒီ အားပြင်းမုန်တိုင်းအတွင်းမှာ နယူးအော်လန်းတစ်မြို့လုံး မီးမှောင်ကျသွားခဲ့ရပါတယ်။

 

“EntergyNOLA u နယူးအော်လန်းမှာ လျှပ်စစ်မီး မရရှိတော့ဘူးလို့ အတည်ပြုပါတယ်”ဆိုပြီး မြို့အရေးပေါ် ကြိုတင်ပြင်ဆင်ရေးစီမံကိန်း NOLA Ready က နယ်မြေလျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီက ရည်ညွှန်းပြီး တွစ်တာမှာ ရေးသားပါတယ်။

 

“မြို့မှာ လျှပ်စစ်ဂျင်နရေတာတွေကနေပဲ ဓာတ်အားပေးနိုင်တော့တယ်”လို့ အဲဒီ တွစ်တာမှာ ဖော်ပြထားပါတယ်။

 

လူဝီစီးယားနားအနှံ့က အဲဒီ ကုမ္ပဏီရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲသူ တစ်သန်းနီးပါး လျှပ်စစ်မီး မရရှိကြကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဝန်ဆောင်မှု PowerOutage က ဆိုပါတယ်။ အိုင်ဒါမုန်တိုင်းဟာ ‘အသက်ဘေးကို ခြိမ်းခြောက်တဲ့ မုန်တိုင်းပဲ’လို့ ပြောဆိုထားတဲ့ သမ္မတ ဂျိုးဘိုင်ဒင်က လူဝီစီးယားနားအတွက် အထူးသဘာဝဘေး ကြေညာထားတာကြောင့် ဗဟိုကူညီထောက်ပံ့မှုတွေ လက်ခံရရှိနိုင်မှာ ဖြစ်ပါတယ်။

 

နယူးအော်လန်း အနောက်မြောက်ပိုင်း ဧရိယာတစ်ခုမှာ သစ်ပင်ပြိုလဲရာမှာ ပိမိပြီး လူတစ်ဦးသေဆုံးကြောင်း Ascension Parish စီရင်စုရုံးက ထုတ်ပြန်ပါတယ်။

 

အိုင်ဒါမုန်တိုင်း အကြိုမှာပဲ မိုးနဲ့ လေပြင်းတွေကြောင့် နယူးအော်လန်းက လမ်းတွေဟာ နံနက်ပိုင်းအထိ လူသူကင်းမဲ့သွားပြီး ဈေးဆိုင်ခန်းတွေနဲ့ အိမ်တွေဟာ သဲအိတ်တွေ ကာရံပြီး မုန်တိုင်းဒဏ်ကို ကြိုတင်ပြင်ဆင်ထားခဲ့ကြရပါတယ်။

 

မုန်တိုင်းဟာ ‘အသက်ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ’တွေ ဖန်တီးလာနိုင်ကြောင်း အမျိုးသားဟာရီကိန်းစင်တာက သတိပေးပြီး သက်ရောက်ရာ ဧရိယာက ပြည်သူတွေအနေနဲ့ အသက်နဲ့ အိုးအိမ်ကို ကာကွယ်ဖို့ လိုအပ်တာတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

 

Translate – Mizzima

Source – AFP

Be the first to comment

Leave a Reply

Your email address will not be published.


*