အုပ်ကြီးအသတ်ခံရမှု မဆိုင်သူများ အဖမ်းခံရမည်ကို ရွာခံများစိုးရိမ်

အုပ်ကြီးအသတ်ခံရမှု မဆိုင်သူများ အဖမ်းခံရမည်ကို ရွာခံများစိုးရိမ်

ဝေယံမိုး – မဇ္ဈိမ

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ၊ပွင့်လင်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန် အသတ်ခံရမှုနှင့်ပါတ်သတ်၍ စစ်ကောင်စီလက်အောက်ခံရဲများမှ မသင်္ကာသူများကို စခန်းသို့ခေါ်ယူစစ်ဆေးနေသည့်အတွက် ကျေးရွာအတွင်းရှိ ဒေသခံများက စိုးရိမ်နေကြသည်။

“၁၃ ရက်နေ့ကတော့ရွာထဲက သူတို့မသင်္ကာဘူးထင်တဲ့သူ ငါးဦးကိုစခန်းကိုခေါ်တယ်၊ နောက်ထပ်လဲ ထပ်ခေါ်ဦးမယ်ကြားတယ်၊ မဆိုင်သူတွေအဖမ်းခံရမှကိုတော့စိုးရိမ်ပါတယ်” ဟု ဒေသခံကဆိုသည်။

ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သည့် အသက် ၄၅ နှစ်အရွယ် ဦးအောင်မြင့်စိန်သည် ဩဂုတ်လ ၁၂ ရက် ၊မနက်အစောပိုင်း ၄ နာရီခန့် ရွာ၏ မြောက်ဘက်တွင် ဓားထိုးခံရကာသေဆုံးခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက မဇ္ဈိမကိုပြောသည်။

“သူက အရင်ကြံ့ခိုင်ရေးပါတီကပါ ၊ ရွာကပိုက်ဆံရှိတဲ့သူတစ်ယောက်နဲ့ပေါင်းပြီး ရွာမှာ အုပ်ချုပ်ရေးမှူးပုံစံလုပ်နေတာ၊ ရဲတွေ၊ စစ်သားတွေနဲ့လည်း အဆက်အသွယ်ရှိတယ်၊ ရွာထဲမှာ လော်နဲ့ခနခနအော်ပြီး ဘာလုပ်မယ်ညာလုပ်မယ်နဲ့ ခြိမ်းခြောက်နေတာတော့ကြာပြီ” ဟုသေဆုံးသူအကြောင်းကို ဒေသခံကပြောသည်။

သေဆုံးသူရုပ်အလောင်းအား စလေနယ်ရဲစခန်းမှ ရဲတပ်ဖွဲ့၀င် ရှစ်ဦးခန့်လာရောက်သယ်ဆောင်သွားပြီး နောက်တစ်ရက်တွင် ရွာမှမိသားစုထံပြန်ပို့ကြောင်းသိရသည်။

ထို့နောက်မိသားစုမှ ရုပ်အလောင်းကို သင်္ဂြိုလ်လိုက်ကြသည်။ ထိုနေ့တွင် ရဲတပ်ဖွဲ့၀င်များထပ်မံရောက်ရှိလာပြီး မသင်္ကာသူများကို စခန်းသို့လာခဲ့ရန်အကြောင်းကြားထားကြောင်းသိရသည်။

လွန်ခဲ့သည့်တစ်လအကြာက အသတ်ခံရသူဦးအောင်မြင့်စိန်သည် စစ်သားများအား ကျေးရွာအတွင်းခေါ်လာကာ ဆန္ဒပြသူများအား ဖမ်းဆီးနိုင်ရေး သတင်းပေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*